ရဲတပ်ကြပ်တစ်ဦးအား မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား


(မှုခင်း) အောက်တိုဘာ ၈

မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေသည့် မော်လမြိုင်ခရိုင် ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်တစ်ဦးအား မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့ဝင် တစ်ဦးမှ သေနတ်နှင့်ပစ်ခတ်မှု အောက်တိုဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မော်လမြိုင်ခရိုင် ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ထက်ဝေအောင်သည် မူးယစ်ဆေးဝါး သတင်းအရ သီရိမြိုင်ရပ်ကွက် ၁၄လမ်း ပန်းခြံဘုန်းကြီးကျောင်းရှေ့တွင် စောင့်ဆိုင်းနေစဥ် မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့(အိုက်ချယ်)မှ ကျော်ကြီးဆိုသူမှာ ဘုန်းကြီးကျောင်းမှ ထွက်လာပြီး ရဲတပ်ကြပ်ထက်ဝေအောင်၏ ဝဲဘက်ရင်အုံအား သေနတ်ဖြင့်ပစ်ခတ်ခဲ့(မစိုးရိမ်ရ)ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

“ကျော်ကြီးက သူ့ကိုစောင်ကြည့်နေတယ်ထင်လို့ပစ်လိုက်တဲ့သဘောဖြစ်နိုင်တယ်၊ ကျန်တာတော့ ရှိကောင်းရှိမှာပေါ့ မသိဘူးလေ” ဟု ၎င်း ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ပစ်မှုကျူးလွန်သူအား သက်ဆိုင်ရာသို့အပ်နှံထားရှိသည်ဟုသိရပြီး ပစ်ခတ်ခံရသည့်ရဲတပ်ဖွဲ့ဝင်မှာ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုများခံယူနေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN