ဒေါက်တာဇော်မြင့်မောင်၏ နာရေးအား NLD ပါတီဝင်အများအပြားလိုက်ပါပို့ဆောင်


(ပြည်တွင်း)အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်(၃)လမ်း၊ အကွက်အမှတ်(ဃ-၃)၊ ဒေါက်တာဇော်မြင့်မောင်၏ ဖခင် နေအိမ်ရှိ ဒေါက်တာဇော်မြင့်မောင်(မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း)၏ နာရေးသို့ ယနေ့နံနက် ၇ နာရီ ၅၅ မိနစ်အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်ရှိ မိုးကုတ်ဝိပဿနာမင်္ဂလာရိပ်သာမှ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရပါ ပင့်သံဃာတော် ၁၁ ပါးမှ တရားဟောကြားခဲ့ပြီး လူဦးရေ ၁၀၀ ဦးခန့် တရားနာယူခဲ့ ကြောင်း သိရသည်။

ဒေါက်တာဇော်မြင့်မောင် ၏ နာရေးအိမ်သို့ မန္တလေးတိုင်းဒေသကြီး NLD ပါတီ၊ ဒုတိယဥက္ကဋ္ဌ(ဟောင်း) ဒေါ်ဝင်းမြမြဦးဆောင်သည့် NLD ပါတီဝင်များ၊ ၈၈ ငြိမ်း/ပွင့်မှ ဦးမြအေး တို့မှ ရုပ်အလောင်းအား အလေးပြုခဲ့ကြပြီး၊ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်မှ အမိန့် ပြန်တမ်းဖတ်ကြားခဲ့ပြီး နံနက် ၁၀ နာရီအချိန် တွင် ဒေါက်တာဇော်မြင့်မောင်(မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း)၏ ရုပ်အလောင်းအား နေအိမ်မှ ကျွဲဆည်ကန်(၃)လမ်းအတိုင်း တောင်အင်းမြောက်အင်းသုဿန်သို့ ထွက်ခွာခဲ့ကြောင်း နာရေးလိုက်ပါပို့ဆောင်သူများထံမှ သိရသည်။

အဆိုပါ နာရေးသို့ နိုင်ငံတကာသံရုံးတွေက လွမ်းသူ့ပန်းခွေ ပေးပို့ကြခဲ့ကြပြီး နာရေးပို့ဆောင်ရာတွင် သမ္မတဟောင်း ဦးဝင်းမြင့်ရဲ့ ဇနီးဖြစ်သူ ဒေါ်ချိုချို၊ ဒေါက်တာဇော်မြင့်မောင်၏ မိသားစုဝင်များနှင့် ဆွေမျိုးများနှင့်အတူ စိတ္တသုခ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များ၊ ရပ်ဝေးရပ်နီးမှ မိတ်ဆွေများ၊ စုစုပေါင်း ၇၀၀ ဦးခန့်တို့သည် မော်တော်ယာဥ် ၁၀၀ စီးခန့်ဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN