ကျောက်ဖြူမြို့နယ်မှ ဝက်အင်းနဂါးရွှံ့မီးတောင် ပေါက်ကွဲမှုဖြစ်ပွား

(ပြည်တွင်း) အောက်တိုဘာလ ၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နယ်၊ စိုင်ခြုံကျေး၀-ရွာအနီးတွင် ဒေသအခေါ် ဝက်အင်းနဂါးအမည်ရှိ ရွှံ့မီးတောင် ၄ ခုပါ မီးတောင်အုပ်စုမှ မြောက်ဘက်အစွန်ဆုံး မီးတောင်သည် အောက်တိုဘာလ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် မိနစ် ၃၀ ကြာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ ရွှံ့ရည်ပူ များသည် အမြင့်ပေ ၁၀ ပေခန့်အထိ လွင့်စင်ပေါက်ထွက်ခဲ့ပြီး ရွှံ့မီးတောင်၏ဘေးပတ်လည် ၃၀၀ ပေ ခန့် ရွှံ့ ချော်ရည်များ ဖုံးလွှမ်းခဲ့သည်။

အဆိုပါမီးတောင်ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် လယ်ယာမြေ စိုက်ခင်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရှိရသည်။

ရမ်းဗြဲကျွန်း၊ ကျောက်ဖြူမြို့ နယ်၊ စိုင်ခြုံကျေးရွာအနီးတွင် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စု၊ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် သပြေတောနဂါးရွှံ့မီးတောင်အုပ်စု ၃ ခုရှိပြီး ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် ဝက်အင်းနဂါးရွှံ့ မီးတောင်အုပ်စုတို့မှာ အများဆုံးပေါက်ကွဲလေ့ရှိကြောင်း၊ ရွှံ့မီးတောင်များ၏အမြင့်များမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀ မီတာမှ ၆၀ မီတာခန့် အထိရှိကြောင်း၊ ရွှံ့မီးတောင်သည်မီးတောင်ပေါက်ကွဲရန် ပံ့ပိုးပေးသည့် ကုန်းမြေထုလှုပ်ရှားမှုနှင့် မြေအောက် ဓာတ်ငွေ့ များစုစည်းကာပေါက်ကွဲထွက်လာမှုတို့ကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်းနှင့် ယခုပေါက်ကွဲခဲ့သည့် ဝက်အင်းနဂါးရွှံ့မီးတောင်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ပြီး ၂၀၁၆ ခုနှစ်မှ၂၀၂၄ ခုနှစ်အထိ (၆) ကြိမ် ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

#PAN