အမေရိကန် စစ်သင်္ဘောများနှင့် လေယာဉ်များက ယီမင်ရှိ ဟူသီများ၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့

(နိုင်ငံတကာ) အောက်တိုဘာ ၅

     ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့အား ပစ်မှတ် ၁၅ ခုထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောသည်။ ပင်တဂွန်စစ်ဌာနချုပ်က “လွတ်လပ်စွာ သွားလာခွင့်ကို ကာကွယ်ရန်” အတွက် တိုက်ခိုက်မှုများ ပြုလုပ်ဖို့ လေယာဉ်များနှင့် စစ်သင်္ဘောများကို အသုံးပြုခဲ့ကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။

      မြို့တော်ဆာနာ အပါအဝင် ယီမင်နိုင်ငံ၏ အဓိကမြို့ကြီးအချို့တွင် ပေါက်ကွဲမှုအများအပြား ဖြစ်ပွားခဲ့ကြောင်း သိရသည်။

      နိုဝင်ဘာလကတည်းက ဟူသီသူပုန်များ သည် ပင်လယ်နီတွင် သင်္ဘောအစင်း ၁၀၀ ခန့်ကို တိုက်ခိုက်ခဲ့ပြီး သင်္ဘောနှစ်စင်းကို နစ်မြုပ်ခဲ့သည်။  ဂါဇာကမ်း မြောင်ဒေသမှာ အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုကို လက် တုံ့ပြန်တဲ့အနေနဲ့ ယခုလို တိုက်ခိုက်မှုများဖြင့် လက် တုံ့ပြန်တာဖြစ်သည်ဟု သူပုန်အဖွဲ့က ပြောပါသည်။

      အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်တပ်၏ စစ်ဆင်ရေးများကို ကြီးကြပ်သည့် ဗဟိုဌာနချုပ်က တိုက်ခိုက်မှုများသည် ဟူသီအဖွဲ့ပိုင် လက်နက်စနစ်များ၊ အခြေစိုက်စခန်းများနှင့် အခြားပစ္စည်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဆို သည်။

      ဟူသီ မဟာမိတ် မီဒီယာများက ယီမင်နိုင်ငံ၏ မြို့တော် ဆာနာသည် တိုက်ခိုက်မှု ခံခဲ့ရသည့် မြို့များထဲတွင် ပါဝင်သည်ဟု ဆိုသည်။ တနင်္လာ နေ့တွင် ဟူသီသူပုန်များက ယီမင်တွင် အမေရိကန်လုပ် MQ-9 Reaper ဒရုန်းတစ်စီးကို ပစ်ချခဲ့ကြောင်း ဟူသီများက ပြောကြားခဲ့သည်။  အမေရိကန်စစ်တပ်ကလည်း မောင်းသူမဲ့လေယာဉ်တစ်စင်း ဆုံးရှုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။

     ပင်လယ်နီရှိ သင်္ဘောများကို တိုက်ခိုက်မှုများအပြင် ဟူသီသူပုန်များသည် အစ္စရေးဘက်သို့ ဒုံးကျည်များနှင့် ဒရုန်းအများအပြားကို တိုက်ရိုက်ပစ်ခတ်ခဲ့သည်။

     ယခုနှစ်အစောပိုင်းတွင် အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံ ၁၂ နိုင်ငံက ဟူသီသူပုန်များ၏  ပင်လယ်နီသင်္ဘောလမ်းကြောင်းများကို တိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် Operation Prosperity Guardian စစ်ဆင်ရေးကို စတင်ခဲ့သည်။

       ဟူသီများသည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာများနှင့် ဂါဇာရှိ ဟားမတ်စ်များ ပါဝင်သော အီရန်ကျောထောက် နောက်ခံပေးထားသော အရှေ့အလယ်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များ ကွန်ရက် ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

#PAN