ရန်ကုန်-မန္တလေးရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်


(ပြည်တွင်း) အောက်တိုဘာလ ၂

ယာဂီမုန်တိုင်းနောက်ဆက်တွဲ ရေကြီးနစ်မြုပ်မှုကြောင့် ရထားလမ်းပိုင်းများပျက်စီးကာ ရပ်နားခဲ့ရသော ရန်ကုန်-မန္တလေးရထားခရီးစဉ်များကို ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရပါတယ်။

အမှတ်(၁)အဆန်၊ အမှတ် (၂)အစုန် ရန်ကုန်-မန္တလေးစာပိုရထား၊ အမှတ်(၁၁)အဆန်၊ (၁၂)အစုန် ရန်ကုန်-မန္တလေး အမြန်ရထားတို့ကို အောက်တိုဘာလ ၃ ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲသွားရန် စီစဉ်ထားပြီး လက်ရှိ၌ လေအိတ်တွဲဆိုင်းများဖြင့် ပြေးဆွဲပေးနေသော ရန်ကုန်-မန္တလေး အထူးရထားများ ပါဝင်နိုင်ဦးမှာမဟုတ်ကြောင်း သိရပါတယ်။

စက်တင်ဘာလလယ်ပိုင်းခန့်မှာ ရေကြီးနစ်မြုပ်မှုများကြုံခဲ့ရသည့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းကို ပြန်လည်ပြင်ဆင်မှုများပြုလုပ်ကာ စက်တင်ဘာလ ၂၁ ရက်မှစ၍ ရန်ကုန်နှင့် သာစည်ကြားလမ်းပိုင်းကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ကာ ရန်ကုန်-မန္တလေးပြေးဆွဲနေသော အမှတ်(၁)အဆန်၊ အမှတ်(၂)အစုန် စာပိုရထား၊ အမှတ်(၁၁) အဆန်၊ (၁၂) အစုန် လူစီးအမြန်ရထားများကို သာစည်ဘူတာအထိ ပြေးဆွဲပေးခဲ့ပြီး သာစည်နှင့် မန္တလေးကြားလမ်းပိုင်းကို ပြင်ဆင်မှုများ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်ပါတယ်။

မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေးလမ်းပိုင်းကို ပြန်လည်ပြေးဆွဲတော့မှာဖြစ်လို ရန်ကုန်-မန္တလေး ခရီးစဉ် လူစီးရထားများဖြင့် ပြေးဆွဲပေးနေမှုအပေါ် ခရီးသည် စီးနင်းမှုများ အထိုက်အလျောက်အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN