စပိန်ထုတ် ရထားတွဲဆိုင်းများဖြင့်ပေးဆွဲမည့် ရန်ကုန်-ပဲခူးခရီးစဉ်ဈေးနှုန်း သတ်မှတ်


(ပြည်တွင်း) အောက်တိုဘာ ၂

စပိန်နိုင်ငံမှ ဝယ်ယူထားသည့် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များအား အသုံးပြုပြီး ရန်ကုန်-ပဲခူး အစုန်၊ အဆန်ခရီးစဉ်ကို စတင်ပြေးဆွဲနေပြီဖြစ်ပြီး ခရီးစဉ်ဈေးနှုန်းများအား သတ်မှတ် ထားပြီးဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ယခင်က အသုံးပြုခဲ့သည့် RBE ရထားခရီးစဉ်များအား ယာယီရပ်ဆိုင်းကာ DEMU ရထားတွဲဆိုင်းအသစ်များအား အသုံးပြု ပြေးဆွဲနေခြင်းဖြစ်ပြီး DEMU အစုန်ရထားမှာ ပဲခူးဘူတာမှ အောက်တိုဘာ ၁ ရက်နေ့၊ နံနက် ၆ နာရီတွင် စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကို နံနက် ၈ နာရီ ၂၀ မိနစ်တွင် ဆိုက်ရောက်ခဲ့ပြီး အမှတ် (၁၅) အဆန် ရန်ကုန်-ပဲခူး DEMU ရထားမှာ ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး ပဲခူးဘူတာကို ၇ နာရီ ၅ မိနစ်မှာ ရောက်ရှိခဲ့သည်ဟု သိရသည်။

လမ်းခရီးတစ်လျှောက် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူစသည့် ဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပဲခူးရထားခရီးစဉ်တွင် အသုံးပြုမည့် စပိန်နိုင်ငံထုတ် DEMU ရထားတွဲဆိုင်းမှာ ခရီးသည် ရပ်စီး/ထိုင်စီး စုစုပေါင်း ၈၃၂ ဦး စီးနင်းလိုက်ပါနိုင်ပြီး ခရီးသွားလက်မှတ်ခအနေဖြင့် ခရီးစဉ်အစအဆုံးထိ တစ်ဦးလျှင် ၂၅၀၀ ကျပ်နှင့် ခရီးတစ်ဝက် လိုက်ပါစီးနင်းသူများအား ၁၃၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး ရထားခရီးစဉ်တွေကို ယနေ့ (အောက်တိုဘာ ၂ ရက်) တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN