(ပြည်တွင်း) စက်တင်ဘာ ၃၀
မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း များတိုက်ဖျက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံပြည်သူ့ လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့ကြား သတင်းဖလှယ်မှုများဆောင်ရွက်၍ တရားခံများ ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ် နိုင်ငံပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့ သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မူဆယ်မြို့ပေါ်တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများလုပ်ကိုင် လျက် ရှိသော ဒုစရိုက်သမားများအား ဖော်ထုတ်ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦး ပါ တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးနှင့် မြန်မာနိုင်ငံသား တရားခံ ၅၅၇ ဦး၊ စုစုပေါင်း တရားခံ ၈၇၀ ဦးတို့နှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း များဖြစ်သော ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်းများနှင့် Scam စက်များအား သိမ်းဆည်း ရမိခဲ့သဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် ဒုစရိုက်မှုများအခြေပြုဆောင်ရွက် လျက်ရှိသည့် အဆောက်အဦများကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ချိပ်ပိတ်သိမ်းဆည်း တရားစွဲတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသော တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦးပါ တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးတို့အား မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများနှင့်အညီ အမှုဖွင့်အရေးယူထားပြီး ၎င်းတို့အား တရုတ်နိုင်ငံအနေဖြင့် ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သော အစောင့် အရှောက်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ယူနန်ပြည်နယ်၊ ရွှေလီမြို့ရှိ နယ်စပ်ဝင်/ထွက်ပေါက်မှတဆင့် လုပ်ထုံးလုပ်နည်းနှင့် အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews