ရေဘေးသင့်ပြည်သူများထံသို့ လူမှုကရုဏာအကူအညီပေးရာတွင် အသုံးပြုရန် ထောက်ပံ့ပစ္စည်းများ လှူဒါန်း

(ပြည်တွင်း) စက်တင်ဘာ ၂၉

ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူမှုကရုဏာအကူအညီပေးရာ တွင် အသုံးပြုရန် မြန်မာစက်မှုဆိပ်ကမ်းမိသားစု၊ Korean Association in Myanmar၊ KBZ Bank နှင့် KBZMS General Insurance တို့က စက်တင်ဘာလ ၂၆ ရက်မှာ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲသို့ လာရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာစက်မှုဆိပ်ကမ်းမိသားစုမှ သိန်း ၁၅၀ ကျပ် တန်ဖိုးရှိသော ဆန် ၂၆၀ ပြည်၊ ခြုံစောင် ၂၆၀ ထည်၊ ပလပ်စတစ်ပုံး ၂၆၀ ပုံး၊ အမျိုးသား/အမျိုးသမီးဝတ် အဝတ်အထည် ၅၂၀ ထည်၊ ရာဘာဖိနပ် ၂၆၀ ရံ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း ၁၃၀ ထုပ်တို့ကိုလည်းကောင်း၊ KBZ Bank မှ သိန်း ၂၄၉,၉၅၂,၀၀၀ ကျပ် တန်ဖိုးရှိသော စက်လှေ ၁၈ စီးနှင့် အစားအစာမဟုတ်သော ပစ္စည်းအိတ် ၃,၀၀၀ အိတ်တို့ကိုလည်းကောင်း၊ KBZMS General Insurance မှ သိန်း (၂၅၀) ကျပ်တန်ဖိုးရှိသော ရေသန့်ဆေးပြား (Aquatabs 67mg) ၃,၀၀၀ ထုပ်တို့ကိုလည်းကောင်း၊ Korean Association in Myanmar မှ အလှူငွေ သိန်း ၅၀၀ ကျပ်နှင့် သိန်း ၁,၈၀၀ ကျော်တန်ဖိုးရှိသော ဆီ ၂၉၉ ဗူး၊ အဝတ်အထည် ၈,၆၂၀ ထည်နှင့် ဒယ်အိုး ၁၂၀ လုံးတို့ကို လည်းကောင်း အလှူရှင်များနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လွှဲပြောင်းလှူဒါန်းခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်နှင့် အချိန်ပြည့်အလုပ်အမှုဆောင်များက လက်ခံရယူခဲ့ပါတယ်။
အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့် က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက် ရှိသော လူမှုကရုဏာလုပ်ငန်းများတွင် ယခုလိုပါဝင်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား ကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

#PAN