“ရီပတ်ဘလင်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့် ယူကရိန်းသမ္မတ ဇီလန်စကီး နှင့်တွေ့ဆုံ”

 (နိုင်ငံတကာ)စပ်တင်ဘာ ၂၉

အမေရိကန် ရီပတ်ဘလင်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့် သည် စက်တင်ဘာလ ၂၇ ရက်တွင် ယူကရိန်းသမ္မတ ဇီလန်စကီး နှင့်တွေ့ဆုံ၍ ယူကရိန်းစစ်ပွဲပြဿနာအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
  သမ္မတလောင်း ဒေါ်နယ်ထရန့် နှင့် ယူကရိန်းသမ္မတ ဇီလန်စကီး တို့သည် နယူးယောက်မြို့ မက်ဟက်တန် ရပ်ကွက်ရှိ ထရန့်တာဝါအဆောက်အအုံ၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
  မိမိအနေဖြင့် ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ရုရှား၊ ယူကရိန်း နှစ်နိုင်ငံစလုံးနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရန့် က ယူကရိန်းသမ္မတနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ မိမိအနေဖြင့် ယူကရိန်းသမ္မတနှင့် ဆက်ဆံရေးကောင်းမွန်သလို ရုရှားသမ္မတ ပူတင် နှင့်လည်း ဆက်ဆံရေး အလွန်ကောင်းသူ ဖြစ်ရာ လာမည့်သမ္မတရွေးကောက်ပွဲ၌ မိမိနိုင်ခဲ့လျှင် ယူကရိန်းပြဿနာကို မြန်မြန်ဆန်ဆန် အဆုံးသတ်ပေး နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဒေါ်နယ်ထရန့် ကပြောကြားခဲ့သည်။
  စက်တင်ဘာလ ၂၇ ရက် တွေ့ဆုံမှုသည် ဒေါ်နယ်ထရန့် နှင့် ယူကရိန်းသမ္မတ ဇီလန်စကီး တို့အတွက် ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံး လူချင်းတွေ့ဆုံမှုဖြစ်သည်။
  ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့် သည် ရုရှားသမ္မတ ပူတင် နှင့်ဆက်ဆံရေး လွန်စွာ ကောင်းသူဖြစ်ပြီး မဲဆွယ်ပွဲများ၌ ယူကရိန်းသမ္မတကို ဝေဖန်ထားသူဖြစ်ကြောင်းသိရသည်။

#PAN