“ဇေယျာသီရိမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားခဲ့ရာမှ ၃၅ ကျောင်းပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြား”

(ပြည်တွင်း)စက်တင်ဘာ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် အခြေခံပညာ ကျောင်း ၃၇ ယာယီပိတ်ထားခဲ့ရာမှ ၃၅ ကျောင်းကို ပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရပါတယ်။
ဇေယျာသီရိမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၄ ကျောင်း၊ စုစုပေါင်း ၆၃ ကျောင်းရှိရာ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေနှင့် ပေါင်းလောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်း ၃၇ ကျောင်း အတွင်း ရေများဝင်ရောက်ခဲ့ပြီး ယာယီပိတ်ထားခဲ့ရာမှ ရေများပြန်လည်ကျဆင်းသွားချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခြင်းနှင့် လိုအပ်သည်များ မွမ်းမံပြင်ဆင် ခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။
ယခုအခါ အခြေခံပညာကျောင်း‌စုစုပေါင်း ၃၅ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိသည့် စည်ပင်ကြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ချောင်းကမ်းကြီး အခြေခံပညာမူလတန်းကျောင်း တို့ကို အမြန်ဆုံးဖွင့်လှစ်၍ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဝန်းအတွင်းရှိ နုန်းမြေများ၊ အမှိုက်များနှင့် စာသင်ဆောင်များကို စုပေါင်းသန့်‌ရှင်းရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

#PAN