ထိုင်းရောက် မြန်မာနိုင်ငံသားများအား ပတ်စ်ပိုအသစ် လဲလှယ်ခြင်းကို နေ့ချင်းပြီး ပြုလုပ်ပေးနေ


(နိုင်ငံတကာ) စက်တင်ဘာ ၂၈

ထိုင်းနိုင်ငံမှာရောက်ရှိနေပြီး နိုင်ငံကူးလက်မှတ်အသစ် လဲလှယ်လိုသော မြန်မာနိုင်ငံသားများအနေနဲ့ ရက်ချိန်းရယူဖို့မလိုဘဲ အလုပ်အားလပ်ရက် ရုံးဖွင့်ချိန် မနက်ပိုင်း ၁၂ နာရီမတိုင်မီ မည်သူမဆို လာရောက် စာရင်းသွင်းကာ နေ့ချင်းပြီ ပြုလုပ်နိုင်တယ်လို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးက စက်တင်ဘာလ ၂၆ ရက်က အသိပေးထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံတွင် PJ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ကိုင်နေသူများ၊ ရဟန်းသံဃာများ၊ ဆေးရုံတက် လူနာနဲ့ ဆေးရုံစောင့်သူများ၊ တက္ကသိုလ်အသီးသီးမှာ ပညာသင်ကြားနေသူများ၊ နိုင်ငံခြားသင်္ဘောလိုင်း များတွင် လိုက်ပါလုပ်ကိုင် နေသူများအနေနဲ့ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းပြည့်စုံပါက နိုင်ငံကူးလက်မှတ် အသစ်လဲလှယ်ခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနဲ့ ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးတို့မှာ နေ့ချင်းပြီး ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်အသီးသီးက လုပ်သားများအတွက် စက်ရုံတာဝန်ခံတွေက အုပ်စုဖွဲ့ပြီး စာရွက်စာတမ်း ပြည့်စုံစွာနဲ့ ခေါ်လာရင်လည်း နေ့ချင်းပြီး ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အချိုသော အလွတ်တန်းဝန်ဆောင်မှုပေးနေတဲ့ ကိုယ်စားလှယ်တွေက ဈေးနှုန်းများစွာဖော်ပြပြီး ဆွဲဆောင် စည်းရုံးနေတယ်လို မီဒီယာတွေမှာ တွေ့ရှိနေရတာကြောင့် မိမိကိုယ်တိုင် လာရောက်ပြုလုပ်ကြဖို့နဲ့ မလို အပ်ဘဲ ငွေကုန်ကျမှုမခံကြဖို့ကိုပါ အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN