အရေးယူခံထားရသည့် အေဂျင်စီများနှင့် ချိတ်ဆက်ထားသူများ ပြည်ပထွက်ရန် အခက်အခဲ ဖြစ်နေ


(ပြည်တွင်း) စက်တင်ဘာ ၂၇

ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုများပေးတဲ့ အေဂျင်စီတချို့ကို အလုပ်သမားဝန်ကြီးဌာနက အရေးယူထားတာကြောင့် အဆိုပါအေဂျင်စီများနှင့် ချိတ်ဆက်ထားသူများ အခက်အခဲဖြင့် ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ပြည်ပနိုင်ငံများမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားများရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၈၁ ခုကို အလုပ်ခေါ်စာအသစ်တင်ခွင့်ကိုခေတ္တ ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် အရေးယူခံထားရတဲ့ အေဂျင်စီများနှင့် ချိတ်ဆက်ထားတဲ့ အလုပ်သမားများအနေနဲ့ ပြည်ပထွက်ခွာ ခွင့်ရရှိရန် အချိန်ကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေနဲ့ မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြနိုင်ခြင်းမရှိတဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများကို အရေးယူထားပါတယ်။

အေဂျင်စီ ၁၅၀ အနေနဲ့ အထောက်အထားသတ်မှတ် ရာခိုင်နှုန်းပြည့်ပေးပို တင်ပြထားလို့ စေလွှတ်ရေးလုပ်ငန်းစဉ်များ ပုံမှန်အတိုင်းဆက်ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

အေဂျင်စီမှ စေလွှတ်ခဲ့တဲ့ အလုပ်သမားများအနေနဲ့ လုပ်ခလစာရဲ့ အနည်းဆုံး ၂၅% ကို ၁ လတစ်ကြိမ် (သို့) ၃ လတစ်ကြိမ် တရားဝင်ငွေလွှလမ်းကြောင်းမှ လွှဲပြောင်းခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၂၈ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

ထို့ကြောင့် ပြည်ပရောက်အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြနိုင်ခြင်း မရှိတဲ့ အေဂျင်စီများကို ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ဆိုင်းငံ့ခြင်း၊ အလုပ်ခေါ်စာ အသစ်တင်ခွင့် ဆိုင်းငံ့ခြင်းနှင့် ဒဏ်ကြေးငွေပေးဆောင်ခိုင်းခြင်း စတဲ့အရေးယူမှုများ ဆောင်ရွက်ထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အရေးယူခံရသည့် အေဂျင်စီများအနေဖြင့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေစာရင်း အထောက်အထား တင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီလျှင် စေလွှတ်ရေးလုပ်ငန်းစဉ်နှင့် အလုပ်ခေါ်စာ အသစ်တင်ပြခွင့်ကို ဆက်လက်ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။

ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိ၏ မိသားစုဝင်များထံသို့ မိသားစုလွှဲပို့ငွေ လွှဲပြောင်းပေးပို့ရန် ပျက်ကွက်သည်ကို စိစစ်တွေ့ရှိပါက ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာမှုကို လအကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်မပေးခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခွင့်မပြုခြင်း စသည်တို့အပြင် လိုအပ်သလို စိစစ်အရေးယူ ဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN