ဂျပန်နိုင်ငံအတွင်း အမေရိကန်၏တာလတ်ပစ်ဒုံးကျည် တပ်ဖြန့်မည့်အခြေအနေကို တရုတ်မှ သတိပေး


(နိုင်ငံတကာ) စက်တင်ဘာ ၂၇

ဂျပန်နိုင်ငံ၌ အမေရိကန်၏တာလတ်ပစ်ဒုံးကျည်ဖြန့်ကြက်ချထားရန် စီစဉ်နေမှုနှင့်ပတ်သက်၍ ယင်း အစီအစဉ်ကို ဒေသတွင်းလုံခြုံရေးအပေါ် သက်ရောက်မှုများရှိစေမည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ကန်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် တရုတ် အစိုးရကလည်း ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ကာကွယ်ရေးပစ္စည်းများကို နိုင်ငံအတွင်းဖြန့်ကြက်ချထားခြင်းဖြင့် ဝံပုလွေကို အိမ်ထဲမသွင်းရန် စက်တင်ဘာလ ၂၆ ရက်က သတိပေးပြောကြားခဲ့သည်။

အမေရိကန် ကာကွယ် ရေး ဝန်ကြီးက ဂျပန်နိုင်ငံအတွင်း စစ်လက်နက်ပစ္စည်းများ ဖြန့်ကြက်ချထားနိုင်ရန် ဂျပန်ကာကွယ်ရေး ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးနေသည်ဟူသော သတင်းများထွက်ပေါ်ပြီးနောက် တရုတ်အစိုးရ၏ သတိပေးချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။


ဖြန့်ကြက်ထားရှိမည့် စစ်လက်နက်ပစ္စည်းများတွင် Typhon အမျိုးအစား တာလတ်ပစ်ဒုံးကျည်စနစ်လည်း ပါဝင်နိုင်သည်ဟု လေ့လာသူများက ထင်ကြေးပေးထားသည်။

ယင်းကဲ့သို့သော လက်နက်များကို ဖြန့်ကြက်ချထား ခြင်းသည် အာရှ-ပစိဖိတ်ဒေသအတွင်း လက်နက်အပြိုင် တပ်ဆင်မှုဆီသို ဦးတည်စေမည်ဖြစ်ကြောင်း၊ ဒေသတွင်း လုံခြုံရေးအပေါ် ခြိမ်းခြောက်စေမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့မဟာဗျူဟာမြောက် ဟန်ချက်ညီမှုနှင့်တည်ငြိမ်မှု ကို ပျက်ပြားစေမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အလားတူ အမေရိကန်အနေဖြင့် တင်းမာမှု မြင့်တက်စေမည့် လုပ်ဆောင်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောထားသည်ဟု ဆင်ဟွာသတင်း ဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN