ရာဂိတိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများတွင် သေဆုံးခဲ့သော ဒေသခံပြည်သူများ၏ မိသားစုဝင်များထံ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်


(ပြည်တွင်း) စက်တင်ဘာ ၂၄

ရာဂိတိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်ရေဘေး ဖြစ်ပွားမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ် ပေါင်း ၅၄ မြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခဲ့မှုကြောင့် ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတားအချို့ ရေတိုက်စားပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာနအဆောက်အဦ၊ စာသင်ကျောင်း၊ အခြား အဆောက်အဦများအား ရေဝင်နစ်မြှုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့် တိရစ္ဆာန်များ သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ အပါအဝင် ထိခိုက်ဒဏ်ရာ ရရှိမှု၊ ပျက်စီးဆုံးရှုံးမှုများအပေါ် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ အမြန်ဆုံး ပေးအပ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်မှ စက်တင်ဘာ ၁၇ ရက်တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးတွင် လမ်းညွှန်ခဲ့ မှုအရ သေဆုံး၊ ဒဏ်ရာရရှိသူများအနက် သေဆုံးသူများကို ဦးစားပေး အဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် အလှူရှင်များက ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မုန်တိုင်းနောက်ဆက်တွဲ ဒဏ်ကြောင့် သေဆုံးခဲ့သည့်သူများ အနက် ပုဗ္ပသီရိမြို့နယ်မှ သေဆုံးသူ ၁၁ ဦး၊ ပျဉ်းမနားမြို့နယ်မှ သေဆုံးသူ ၇ ဦး၊ ဇေယျာသီရိမြို့နယ်မှ သေဆုံးသူ ၄ တို့အား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ၅ သိန်းကျပ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ၃ သိန်းကျပ် နှင့် နေပြည်တော်ကောင်စီမှ ၂ သိန်းကျပ်၊ စုစုပေါင်း သေဆုံးသူ တစ်ဦးလျှင် ၁၀ သိန်းကျပ်နှုန်းဖြင့် ၂၂ ဦးတို့၏ မိသားစုဝင်များ လက်ဝယ်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များထံသို့လည်း ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးမှု အခြေအနေများအပေါ် မူတည်၍လည်း လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN