တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ် ပိုမိုအားကောင်းလာနိုင်


(မိုးလေဝသ) စက်တင်ဘာ ၁၉

သင်္ချာပုံစံပြုမော်ဒယ်လ်များ၏ ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင်ကာ ၂၀-၉-၂၀၂၄ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်း ဒေသများသို့ ဖြတ်ကျော်နိုင်ပြီး စက်တင်ဘာ ၂၀ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများသို့ စတင်ဖြတ်ကျော် ရောက်ရှိနိုင်သည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်၏ အကြွင်းအကျန်တိမ်တိုက်များနှင့် လေပွေလှိင်းသည် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ပြီးနောက် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုး အားကောင်းလာနိုင်သည်။

အဆိုပါ ဖြတ်ကျော်လာနိုင်သည့် လေပွေလှိုင်း၏အရှိန်ကြောင့် စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး အချိုဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများ၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

ယခုအချိန်တွင် အပူပိုင်းမုန်တိုင်းငယ်သည် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသများသို ဖြတ်ကျော်ခြင်းမရှိသေးပါသဖြင့် ခန့်မှန်းချက်များအားလုံးသည် တိုင်းထွာသည့်အချိန်၊ အသုံးပြုသည့် Data နှင့် ခန့်မှန်းတွက်ချက်သည့် မော်ဒယ်လ်တိုအပေါ်မူတည်၍ မုန်တိုင်းရွေ့လျားမည့် လမ်းကြောင်း အမျိုးမျိုးပြောင်းလဲနေပါသည်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တပြေးညီ တွက်ချက်ရရှိသည့် ခန့်မှန်းချက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိးဆော်အပ်ပါသည်။
မိုး/ဇလ

Telegram»…
https://t.me/positiveanglenews

PAN