တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာတွင် အစာအဆိပ်သင့်ဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်


(ပြည်တွင်း) စက်တင်ဘာ ၁၈

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် ယမန်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် အလှူရှင်များမှ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သား အာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များအား စားသုံးပြီး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် ယမန်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် အလှူရှင်များမှ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သား အာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များအား စားသောက်ပြီးနောက် ၎င်းနေ့၊ ညနေပိုင်းတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်းအစရှိသော အစာအဆိပ်သင့် ရောဂါလက္ခဏာများ ဖြစ်ပွားသဖြင့် တပ်ကုန်းမြို့နယ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာအဖြစ် ၅၀ ဦး၊ အတွင်းလူနာအဖြစ် ၅၆ ဦး၊ ကလေးရောဂါ အထူးကုဆေးရုံကြီး-နေပြည်တော်တွင် အတွင်းလူနာအဖြစ် ၅ ဦး၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး (ခုတင်-၃၀၀)တွင် အတွင်းလူနာအဖြစ် ၄ ဦး တက်ရောက် ကုသမှု ခံယူလျက်ရှိပြီး လူနာများအခြေအနေမှာ သက်သာကောင်းမွန်လျက် ရှိကြောင်း သိရသည်။

သတင်းရရှိလျင်ရရှိခြင်း ယမန်နေ့၊ ညနေပိုင်းတွင် ရောဂါဖြစ်ပွားရာ ချောင်းချားကျေးရွာသို့ တပ်ကုန်းမြို့နယ် ခုတင် (၁၀၀)ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦး ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး မှူး(၁) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ ညောင်လွန့် ကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး(၂) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ ယရက်နေ့တွင် နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (ကူးစက်) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံ ကြီး (ခုတင်-၃၀၀)မှ ဆရာဝန်တစ်ဦး ဦးဆောင်သော ဆေးအဖွဲ့ (၁)ဖွဲ့၊ တပ်ကုန်းမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး (၁) ဦးဆောင်သော အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့ (၁)ဖွဲ့တို့မှ ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေးပြင်ဆင်ထားသည့် သန့်ရှင်းသော အစားသောက်များအား ပြင်ဆင်ပေးပို့လှူဒါန်းကြရန်နှင့် ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များနှင့် ဆက်သွယ်၍ ဆောင်ရွက်ရန်၊ ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့ နှင့် ကျန်းမာရေးဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစား အသောက်များအား ကျန်းမာရေးနှင့်ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန် ကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN