နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း    နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများ နှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်၊ ရေကြီးရေလျှံခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

(ပြည်တွင်း) စက်တင်ဘာ၁၄

       နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများ နှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

      အစည်းအဝေးသို့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမျိုးသန့်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ စိုးဝင်း၊ ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

       ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး က နယ်မြေအတွင်း ဗီယမ်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အနီးမှ ဝင်ရောက်ခဲ့သည့် ရာဂိမုန်တိုင်း၏ နောက်ဆက်တွဲ ကြွင်းကျန်မိုးတိမ်တိုက်များကြောင့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ အပါအဝင် မြန်မာ နိုင်ငံ၏ နိုင်ငံတစ်ဝှမ်းနီးပါး မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းခဲ့သ ဖြင့် ချောင်းရေ၊ မြစ်ရေများ ရုတ်တရက်မြင့်တက်၍ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်း၊ မြေသားနူးပြီး မြေပြိုခြင်း၊ တောင်ကျချောင်းရေများ ရုတ်ချည်းစီးဆင်းခြင်းများ ဖြစ်ခဲ့ရာ စက်တင်ဘာလ ၉ ရက်ညပိုင်းမှ စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းအတွင်း နေပြည်တော်ကောင်စီ၏ မြို့နယ်(၈)မြို့နယ်အနက် တပ်ကုန်းမြို့နယ်မှစ၍ ပုဗ္ပသီရိ မြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့အတွင်း စီးဆင်းလျက်ရှိသည့် ဆင်သေချောင်းမှတစ်ဆင့် ချောင်းရေများ ရုတ်ချည်း မြင့်တက် လျက် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ဆင်သေချောင်း အတွင်းသို့ နဝင်းချောင်း၊ မုန်ချောင်းနှင့် ကင်းသာချောင်း ၃ ချောင်း၏ ချောင်းရေများသည် စက်တင်ဘာလ ၉ ရက် တစ်ညအတွင်း မိုးရေချိန် ၁၁ လက်မအထိ ရွာသွန်းခဲ့သဖြင့် တောင်ကျရေနှင့် မြေပြိုမှုများမှတစ်ဆင့် အရှိန်အဟုန်ဖြင့် တိုက်စားမှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ ၎င်းမှ ကျန်မြို့နယ်(၄)မြို့နယ်တို့ တစ်ဆင့်ပြီး တစ်ဆင့် ရောက်ရှိပြီး ရေလျှံမှုများဖြစ်ပေါ် ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် တပ်ကုန်းမြို့မှ အရှေ့ဘက် ၁၄ မိုင်အကွာ တောင်ခြေအထိသည် ရေပြင်ဖုံးလွှမ်းလျက် ခရိုင်ချင်း ဆက်လမ်းများ၊ ကျေးရွာချင်း ဆက်လမ်းများအထက် ၁၀ ပေမှ ၁၄ ပေခန့် မြင့်တက် လျက်ရှိ၍ ကယ်ဆယ်ရေး အဖွဲ့များက အသက်ကယ်စက်လှေများဖြင့် ခက်ခက်ခဲခဲ ကူညီကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိ ရေလွတ်ရာသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း၊ သက်ဆိုင် ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲရေးအဖွဲ့ခွဲများနှင့်လူမှုရေးအသင်းအဖွဲ့များမှလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံချက်ပါအတိုင်း ကူညီကယ်ဆယ်ရေးအား အချိန်နှင့်တပြေးညီ ခက်ခက်ခဲခဲ ဆောင်ရွက် ခဲ့ရကြောင်း၊ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှစ၍ တပ်ကုန်း မြို့နယ်မှတစ်ဆင့် ဆင်သေချောင်းရေ ကျဆင်းခဲ့ရာ စက်တင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းမှစ၍ ပျက်စီးခဲ့သည့် လမ်း/တံတား/အဆောက် အဦများ၊ အမှိုက်သရိုက် များ စတင်၍ ရှင်းလင်းနိုင်ပြီးဖြစ် ကြောင်း၊ လက်ရှိအချိန်အထိ ကောက်ယူရရှိသည့် စာရင်းဇယားအရ ၄၂ ဦး သေဆုံးပြီး အိမ်ပေါင်း ၃၃ လုံး ရေမျှောပါခြင်း၊ ရေမြုပ် အဆောက်အဦ ၃၈၁၉ လုံး အပါအဝင် ပျက်စီးမှုများကို စတင်၍ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ကြွင်းကျန်ရေဘေးသင့်သူများ ဆက် လက်ရှာဖွေကယ်ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ဖြစ်ကြောင်း၊ ရုတ်ချည်းချောင်း ရေမြင့်တက်လာမှုကြောင့် သဘာဝဘေး အန္တရာယ် သင့်သည့်လူဦးရေ ၂၅၀၀၀ ခန့်အား နီးစပ်ရာ ဘုန်းတော်ကြီး ကျောင်းများအပါအဝင် ကယ်ဆယ်ရေးစခန်း ၈၂ ခု ဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း တင်ပြသည်။

      ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက် လာကြသည့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဉက္ကဋ္ဌ(၁)နှင့် (၂)၊ စိုက်ပျို းရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျန်းမာရေးဝန်ကြီးဌာန ၊ ဆောက်လုပ်ရေး ဝန်ကြီး ဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် လက်တလော ဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လုပ်ငန်းအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

      ရှင်းလင်းတင်ပြမှုများအပေါ်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က  ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေး မြို့နယ်အပါအဝင် နေပြည်တော်ကောင်စီနယ်မြေအတွင်း သက်ကြီးရွယ်အို ရှေးမီ နောက်မီ အဖိုးအဖွားတို့မှ ၎င်းတို့၏ သက်တမ်းတစ်လျှောက် ယခုကဲ့သို့ ရုတ်ချည်း ရေကြီးရေလျှံမှု ၊ ရေလွှမ်းမိုးမှုများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကို မကြုံခဲ့ဖူး ဟု သိရပါကြောင်း၊ ယခုဖြစ်ပွားမှုသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဉတု ဖောက်ပြန်ပြောင်းလဲ မှု၏ လက်တွေ့ဖြစ်စဉ်ဖြစ်ရပ်များဖြစ်ကြောင်း၊ သို့ရာတွင် မိမိတို့ နိုင်ငံတွင်  ၂၀၂၃ ခုနှစ် တွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ အတွေ့အကြုံ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အတွေ့အကြုံတို့အရ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်ကို စီမံချက်နှင့်အညီ ဖွဲ့စည်းလျက် အောင်မြင်စွာ စီမံကျော်လွှားဆောင်ရွက် နိုင်ခဲ့မှုကြောင့် အဆိုပါအတွေ့အကြုံအရလည်း ယခုဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တ ရာယ်ကိုလည်း ဆက်လက်၍ အောင်မြင်စွာ ကျော်လွှားနိုင်ရေး ဝိုင်းဝန်းကူညီဆောင် ရွက်ကြရမည် ဖြစ်ကြောင်း၊ ယခုဆိုင်ကလုန်းမုန်တိုင်း ရာဂိ၏ အရှိန်ကြောင့် နေပြည် တော်ကောင်စီ နယ်မြေအတွင်းသာမက ရှမ်းပြည်နယ်၊ မကွေးတိုင်း‌၊ မန္တလေး တိုင်း၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့် ကျန်ပြည်နယ် အချို့နေရာတို့တွင်လည်း ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများရှိပြီး အဆိုပါ ဖြစ်ပေါ်မှုများကိုလည်း သက်ဆိုင် ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီများက စီမံချက်နှင့်အညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊နေပြည်တော်ကောင်စီနယ်မြေ အတွင်း၌လည်း ရေဘေးသင့်ပြည်သူများကို အချို့သော အလှူရှင်များက တစ်နိုင်တစ်ပိုင် မိမိအစီအစဉ်ဖြင့် လာရောက်လှူဒါန်းမှု ပြုသည်ကိုလည်း တွေ့မြင်ကြားသိရ၍ ဝမ်းသာပါကြောင်း၊ အကြံပြုလိုသည်မှာ မိမိတို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (Disaster Management Committee) ဖွဲ့စည်းထားရှိပြီး ၂၄ နာရီအရေးပေါ် ရုံးဖွင့်လှစ်ထားပြီး ဖြစ်၍ မည်သည့်အလှူရှင်က ဖြစ်စေ မိမိတို့လှူဒါန်းလိုမှု အား ပိုမိုစနစ် တကျ ဖြစ်စေရေး၊ အညီအမျှ အကူအညီ ရရှိစေရေး စိတ်ဆန္ဒရှိသည့်နေရာ (သို့မဟုတ်) အများပြည်သူအတွက် စသည့်ခေါင်းစဉ်ဖြင့် DMC သို့ အကြောင်း ကြားလာပါက အဆိုပါ ၂၄ နာရီ ဖွင့်လှစ်ထားသည့် DMC ကော်မတီမှ လိုအပ်သည့် ကယ်ဆယ်ရေး စခန်း (သို့မဟုတ်) စိတ်ဆန္ဒရှိသည့် ကယ်ဆယ်ရေးစခန်းများသို့ လမ်းညွှန်လျက် စနစ်တကျလှူဒါန်းနိုင်ရေး ဆောင် ရွက်ပါက ပိုမိုထိရောက် တွင်ကျယ်ပါကြောင်း ၊ ဝိုင်း ဝန်းဆောင်ရွက်စေလိုကြောင်း၊ ကောလဟာလ သတင်းနှင့် ပတ်သက်၍လည်း ယခုဖြစ်စဉ်မှာ တစ်ညအတွင်း မိုးရေချိန် ၁၁ လက်မခန့် ရွာသွန်းခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့မှုအပေါ် ဆည်တမံများ ကျိုးပေါက်ခြင်း၊ ဆည်တမံများမှ ရေအလုံး အရင်း ဖောက်ထုတ်ခြင်းကြောင့် ရေကြီးရေလျှံမှု ဖြစ်သည့်အပြင် ထပ်မံ၍ လည်း ဖြစ်ပေါ်လာ နိုင်၍ မိမိတို့နေရာမှ အမြန်ရွှေ့ ပြောင်းကြရေး တရားမဝင် ပြည်ဖျက်မီဒီယာများ၊ ဖုန်း သတိ ပေးချက်များ ဖြစ်ပေါ်မှုမှလည်း ဒေသခံပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်စေ ခြင်း၊ စိုးရိမ်ပူပန်မှု မြင့်တက်ခြင်းများ ဖြစ်ပေါ်သည်ကို ကြားသိရပါကြောင်း၊ ဆည်တမံ နှင့်ပတ်သက်၍ နေ့စဉ် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ရေဝင်ရောက်မှု ၊ စိုးရိမ်ရမှု၊ မစိုးရိမ်ရမှုများကို နေ့စဉ် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြစေလျက်ရှိကြောင်း ၊ နေပြည်တော်ကောင်စီအတွင်း ဆည်ပေါင်း ၁၂ ခု နှင့် ရေလှောင်တမံ ၁၂ ခုရှိရာ ဆည်၊ တမံများအခြေအနေမှာ စိုးရိမ်ရသည့် အနေအထား မရှိပါကြောင်း၊ နေ့စဉ်တာဝန်ရှိသူများက ဆည်တမံများ ကြံ့ခိုင်မှုများကို စစ်ဆေးလျက် နီးစပ်ရာ ကြီးကြပ်ရေးတာဝန်ခံများက ကယ်ဆယ်ရေးစခန်းအလိုက် အသိပေးကြရန် လိုကြောင်း၊ ထို့အပြင် ကယ်ဆယ်ရေးစခန်းအလိုက် အချို့စခန်းများ၌ အလှူရှင်များနှင့် နီးစပ်ရာ ကျေးရွာများမှ နေ့စဉ် ဆန်နှင့်ရိက္ခာ အမယ်များ လှူဒါန်းကြသော်လည်း အချို့သော ကယ်ဆယ်ရေးစခန်းများရှိ သက်ဆိုင်ရာတာဝန်ခံများမှ ထမင်း ဘူးနှင့် သောက်ရေသန့်များဝေငှရသည့် အနေအထားဖြစ်ရာ နေ့စဉ်ပုံမှန် နံနက်၊ ည ကျန်းမာရေးနှင့်ညီညွတ်သည့် ထမင်းဟင်း ပုံမှန်အတိုင်း စားသုံးနိုင်ရေး ဘေးအန္တရာယ် စီမံခန့်ခွဲရေး ရန်ပုံငွေနှင့် နေပြည်တော်ကောင်စီတို့မှ ဆန်၊ ဆီ၊ ကုလားပဲ၊ ဆား၊ ငပိ စသည့် အခြေခံ ၅ မျိုးအား ကယ်ဆယ်ရေးစခန်းအလိုက် အရေးပေါ် ထားရှိ၍ နီးစပ်ရာ ရပ်ရွာလူမှုရေးအသင်း အဖွဲ့များမှ ချက်ပြုတ်ကျွေးမွေးနိုင်ရေးကိုလည်း စီမံပေးရန်လိုကြောင်း ပြောကြားသည်။

      ၎င်းက ဆက်လက်၍ အချို့ကျေးရွာများ၌ ယနေ့အချိန်အထိ တောင်ကျ ချောင်းရေများ ၁ ပေမှ ၂ ပေ အထိ ကျန်ရှိနေသေး၍ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး သောက်ရေသန့် စက် ယာဉ်များ စေလွှတ်ကူညီပေးခြင်း၊ လွယ်ကူပေါ့ပါးသည့် Life Straw  ကဲ့သို့ တစ်ပိုင် တစ်နိုင် သောက်ရေသန့်စက်များ အခက်အခဲရှိသည့် ကျေးရွာများအလိုက် ဖြန့်ဝေခြင်း၊ Bleaching Powder နှင့် ရေသန့်ဆေးပြားများ ပံ့ပိုးပေးခြင်းစီစဉ်ဆောင်ရွက်ရန် လိုကြောင်း၊ ကျန်းမာရေးအရ ရေဘေးအန္တရာယ် နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျော နှင့် ရေဝပ်နေရာများမှ ခြင်၊ ယင် ပေါက်ဖွားခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက် တွဲရောဂါများ အပါ အဝင် အထွေထွေကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကယ်ဆယ် ရေးစခန်းအလိုက် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိသော ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများနှင့်ကျေးရွာများရှိ သူနာပြုဝန်ထမ်း များက မိမိတို့တာဝန်ကျရာ ကျေးရွာအလိုက် ကျန်းမာရေးနှင့် ပတ်သက်၍ အဆင့်ဆင့် နီးစပ်ရာ ကုသရေးဌာနများသို့ ဆက်သွယ်အကြောင်း ကြားရန်လိုကြောင်း၊ ကျန်းမာရေး ဝန်ထမ်း လစ်လပ်နေရာများကိုလည်း နီးစပ်ရာကျေးရွာများမှ သွား ရောက်စိစစ်ရန် လိုအပ်ကြောင်း၊ လိုအပ်ပါက ကျန်းမာ ရေးစောင့်ရှောက်မှု အဖွဲ့ဖွဲ့စည်း၍ ကူညီဆောင် ရွက်ရန် ခက်ခဲနေသေးသည့် ကျေးရွာများသို့ စေလွှတ်ကုသရန် စီစဉ်ပေးရေးနှင့် ယခုဆွေးနွေးဆောင်ရွက်ချက်များအား ယခုရက်ပိုင်းအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ DMC အဖွဲ့များထံသို့ ဆက်လက်အကြောင်း ကြားဆောင်ရွက်ကြရန်လိုအပ်ကြောင်းဖြင့် ဆွေးနွေးမှာကြား ပြီး ကျန်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

      ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေး ကားလမ်း ဟောင်းပေါ်ရှိ အရှည် ၁၉၀ ပေ၊ အကျယ် ၂၈ ပေရှိ နဝင်းချောင်းတံတားအား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့မှု အခြေအနေများကို သွားရောက်ကြည့်ရှု၍ ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် လမ်းတံတားဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ယာယီဘေလီတံတား တည်ဆောက်နေမှု အခြေ အနေများအား ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

      အဆိုပါ နဝင်းချောင်းတံတား ယာယီဘေလီတံတားကို တံတားခံနိုင်ဝန် ၄၀ တန်၊ အရှည် ၁၀၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ သံဘေလီသုံးလွှာ ၁ ထပ် တံတားထိုးခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၁ ရက်မှစ၍ အစားထိုးစတင်တည်ဆောက် လျက်ရှိရာ စက်တင်ဘာ ၁၆ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။  

      ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ကင်းသာလမ်းဆုံမှ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း နေပြည်တော်ကောင်စီနယ်မြေအတွင်း လူနေရပ်ကွက်များ၊ ကျေးရွာများအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍  ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးနေမှု အခြေအနေများ၊ ကျေးရွာများအတွင်း ရေဝင်ရောက်နေမှုများ၊ လူနေအိမ်များ ရေဝင်ရောက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

          ဆက်လက်၍ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့နယ်၊ နတ်သူရဲ ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ရောက်ရှိနေသည့် ဆင်သေ၊ ပေါစံခေါ၊ ပိန္နဲပင်၊ ဇီးဖြူပင်၊ နှမ်းတောကျေးရွာများမှ ရေဘေးသင့်ပြည်သူ ၆၀၀ ဦးခန့် အား သွား ရောက်တွေ့ဆုံ၍ နေထိုင်စားသောက်ရေးအတွက် လိုအပ်သည်များစီစဉ် ဆောင်ရွက်ပေးနေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့်ပတ်သက်ပြီး အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပြီး ရင်းရင်း နှီးနှီးလိုက်လံနှုတ် ဆက်ခဲ့သည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် တပ်ကုန်းမြိုရှိ ချမ်းမြေ့မြိုင်ရိပ်သာကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော် ဘဒ္ဒန္တ သီဟဉာဏ အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါ ကျောင်းတိုက်တွင်ရောက်ရှိနေသည့် ရှောက်ကုန်း၊ ကျားသေအိုင်၊ ပုန္နမာ၊ သာယာကုန်း၊ ဆင်သေနှင့် ပိန္နကုန်း ကျေးရွာများရှိ ရေဘေးသင့်ပြည်သူ ၅၀၀ ဦးခန့်အား တွေ့ဆုံ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေး သွားမည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့်လည်း လိုအပ်သည်များ ထောက်ပံ့ပေးသွားမည့်အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

      အလားတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများက   နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သည့် အတွက် အဆိုပါ ကျေးရွာ/ရပ်ကွက်များတွင် ပြန်လည်နေထိုင်ကြမည့်သူများအတွက် လိုအပ်သည့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် လိုအပ်သည့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ဆည်တမံများနှင့် ပတ်သက်၍ ကောလဟာလ ထုတ်ပြန်မှုများနှင့်ပတ်သက်၍လည်း ပြည်သူများ စိုးရိမ်ထိတ်လန့်မှု များ မဖြစ်ပေါ်စေရန်တို့အတွက်  ဆွေးနွေးပြောကြားကြပြီး ရေဘေးသင့်ပြည်သူများ အား ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပြီး ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။

       ယင်းနောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် တပ်ကုန်းမြို့၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင်ရောက်ရှိနေသည့် အောင်ဇေယျရပ်ကွက်၊ အနော်ရထာ ရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ နားကုန်း၊ ဇီးကုန်းနှင့် ဗြိုက်အင်းကျေးရွာများမှ ရေဘေးသင့် ပြည်သူ ၁၀၀၀ ဦးကျော်ထားရှိသည့်နေရာသို့ သွား ရောက်၍ အုပ်ချုပ်မှုနှင့် ကျန်းမာရေးဆိုင်ရာများ ပြုလုပ်ပေးနေသည့် အဖွဲ့များအလိုက် တွေ့ဆုံအားပေးစကား ပြောကြားပြီး အဆိုပါကျောင်း၌ ယာယီဆေးခန်းဖွင့်လှစ်ထားရှိမှု၊ စားသောက်ကုန် ပစ္စည်းများ၊ အဝတ်အထည်များနှင့် ထောက်ပံ့ရေးပစ္စည်းများ အသင့်စုဆောင်းထား ရှိမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားကာ ရေဘေးသင့် ပြည်သူများအတွက်  ထောက်ပံ့ငွေများ၊ ဆေးပစ္စည်းများနှင့် စားသောက် ဖွယ်ရာများ ပေးအပ်သည်။ 

      ဆက်လက်၍ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် တပ်ကုန်းမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး (ကုတင်-၁၀၀)သို့ သွားရောက်၍ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေး ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသော လူနာများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေ အနေများအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကာပြောကြားကာ စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ်သည်။

     ယင်းနောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ရေတိုက်စားမှုကြောင့် တံတားချဉ်းကပ် ကွန်ကရစ်လမ်းနှစ်ဘက် ၄၀၀ ပေ၊ မြေသားကျိုးကျ ပျက်စီးခဲ့သည့် နဝင်းချောင်း တံတား(သာယာအေး)အား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှတာဝန်ယူပြန်လည်တည်ဆောက်နေသည့် တံတားအဝင် ချဉ်းကပ်လမ်း အရှည် ၂၂၀ ပေနှင့် အထွက်ချဉ်းကပ်လမ်း အရှည် ၁၈၀ ပေရှိ တံတားချဉ်းကပ် လမ်းနှစ်ဖက်အား ယာယီဘေလီတံတား တည်ဆောက်ရေးလုပ်ငန်း ခွင်သို့ သွား ရောက်ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည် ဆောက်ရာတွင် ရေရှည်တည်တံ့ ခိုင်မြဲရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက် စနစ်တကျထည့်သွင်းတွက်ချက်၍ အမြန်ဆုံး ပြန်လည်ပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အား မှာကြားသည်။ အဆိုပါ ယာယီဘေလီ တံတားတည်ဆောက်ရေး လုပ်ငန်းကို စက်တင် ဘာလ နောက်ဆုံးအပတ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

       ဆက်လက်ပြီး အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ဆင်သေချောင်း တစ်လျှောက် ရေကြီးရေလျှံခြင်းများကြောင့် တံတားကမ်းကပ်ခုံများ ပျက်စီးခြင်း၊ ချဉ်းကပ်လမ်း ရေတိုက်စား၍ လမ်းတာပေါင်ပျက်စီးခြင်းဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုဗ္ဗသီရိ မြို့ပတ်လမ်းပေါ်ရှိ အရှည် ၃၆၀ ပေ၊ အကျယ် ၅၅ ပေရှိ သိုက်ချောင်းတံတား (ဆင်သေချောင်းကူး) ပြင်ဆင်ဆောင် ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

       နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်း/ တံတားများ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကိုလည်း အချိန်တစ်ပြေးညီ အမြန်ဆုံး ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် တပ်ကုန်းမြို့ နှင့် ပျဉ်းမနားမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ရေးပစ္စည်း များနှင့်အခြားကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို နှောင့်နှေးကြန့်ကြာမှု မရှိစေရေး အတွက် ခရိုင်ချင်း ဆက်လမ်းမှတစ်ဆင့် ဆောင်ရွက်လျက်ရှိသည်။

     နေပြည်တော်ကောင်စီနယ်မြေအတွင်း တစ်ညအတွင်း မိုးရေချိန် ၁၁ လက်မခန့် ရွာသွန်းခဲ့မှုကြောင့် ဆင်သေချောင်း၊ ငလိုက်ချောင်းနှင့် ပေါင်းလောင်းမြစ်အတွင်းသို့ တောင်ကျချောင်းရေများ အဆက်မပြတ်စီးဆင်းကာ မြို့နယ် (၈)မြို့နယ်အနက် မြို့နယ် (၅) မြို့နယ်တို့တွင် ထိခိုက်ပျက်စီးသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

       ထို့ကြောင့် သက်ဆိုင်ရာ မြို့နယ်/ကျေးရွာအလိုက် ကယ်ဆယ်ရေးစခန်း ၈၂ ခု ဖွင့်လှစ်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပရဟိတအသင်းအဖွဲ့များက ကူညီကယ် ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် အကူအညီလိုအပ်သည့်နေရာများသို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့များ က သွား ရောက်ကူညီပေးလျက်ရှိသည်။

     အလားတူ နေပြည်တော်ကောင်စီနယ်မြေမှ ကျဆင်းသွားသည့် ရေများသည် စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် စီးဆင်း၍ ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက် ဝင်ရောက်နေသည့် အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် သက် ဆိုင်ရာ မြို့နယ် အလိုက် တာဝန်ရှိသူများက စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်ရှိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် ကျေးရွာများရှိ ပြည်သူများအား ကြိုတင်အသိပညာပေးခြင်းနှင့် ရေဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းနိုင်ရေး ဆောင် ရွက်ပေးလျက်ရှိကြောင်း၊  စစ်တောင်းမြစ်၏ ရေအခြေအနေမှာလည်း စိုးရိမ်ဖွယ်ရာ မရှိကြောင်းနှင့် အလားတူ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်မှ စစ်တောင်းမြစ်ဝ တစ်ဝိုက်ရှိ ကျေးရွာများ ရေကြီးမှု ကြောင့် ထိခိုက်ဆုံးရှုံးမှု မရှိစေရေး ကြိုတင်ပြင်ဆင်ထားရှိကြောင်း သတင်းရရှိသည်။

#PAN