အာတီတာ ကို စာချုပ်သက်တမ်းတိုးရန် သဘော တူညီမှုရရှိ

(အားကစား) စက်တင်ဘာ ၁၃

      အာဆင်နယ်အသင်းဟာ ၂၀၂၅ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့ နည်းပြ အာတီတာ ကို ကာလရှည် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းခဲ့ရာ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ အာတီတာ အနေနဲ့ သုံးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့တာကြောင့် ၂၀၂၇ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

      စာချုပ်သဘောတူညီမှုကို အပြီးသတ်ပါက တရား ဝင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အသက် ၄၂ နှစ်အရွယ် နည်းပြ အာတီတာ ဟာ အာဆင်နယ်အသင်းကို ၂၀၁၉ ခုနှစ်မှာ ရောက်ရှိခဲ့ပြီး နည်းပြ တာဝန်ယူစဉ် ငါးနှစ်အတွင်း အသင်းကစားပုံနှင့် အဘက်ဘက်မှ တိုးတက်မှုများရှိလာတဲ့အပြင် ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိရန် ခြိမ်းခြောက်နိုင်တဲ့ အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပါတယ်။

      အာတီတာ ဟာ နည်းပြအဖြစ် ငါးနှစ်ကာလအတွင်း အက်ဖ်အေဖလားတစ်လုံးကို ရယူပေးနိုင်သည့်အပြင် အသင်းအတွက် လူငယ်ကစားသမားများကို တောက်ပအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ယခုနှစ် အမှတ်ပေးပြိုင်ပွဲမှာလည်း သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် ရလဒ်ကောင်းများကို ရယူပေးထားနိုင်ခဲ့ပါတယ်။

#PAN