သီးနှံအာမခံလျော်ကြေးငွေ ကျပ် ၁၂ ဘီလီယံကျော် ပေးအပ်သွားမည်

(ပြည်တွင်း) စက်တင်ဘာ ၁၃

     ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဒေသတချို့မှာ စပါးခင်းတွေ ရေကြီးနစ်မြုပ်မှုများကြောင့် မြန်မာ့ အာမခံလုပ်ငန်းမှာထားရှိတဲ့ ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံအတွက် လျော်ကြေးငွေ ကျပ် ၁၂ ဘီလီယံ ကျော် ပေးလျော်သွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က စက်တင်ဘာလ ၁၁ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

       ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ မွန် ပြည်နယ်တို့မှာ စုစုပေါင်းလျော်ကြေးငွေကျပ် ၁၂ ဒသမ ၂၆၅ ဘီလီယံ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေး တောင်သူများအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ မရှိစေဖို့အတွက် ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံထားရှိရေးနဲ့ ဆုံးရှုံးမှုတွေဖြစ်ပေါ်လာရင် အာမခံလျော်ကြေး ပေးအပ်နိုင်မှု အခြေအနေတွေကိုလည်း ပြည်သူတွေသိရှိအောင် အသိပညာပေးဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

      ဒါ့အပြင် စပါးအထွက်နှုန်းကျဆင်းမှုမရှိစေဖို့ ပြန်လည်စိုက်ပျိုးမယ့် မျိုးစပါး၊ မြေဩဇာနဲ့ စိုက်ပျိုး ရေး ဆေးများ အချိန်မီရရှိရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ အားလုံးပူးပေါင်း ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

#PAN