မိုးများအဆက်မပြတ် ရွာသွန်းခြင်းကြောင့် အောင်ပန်းကျေးရွာတွင် ပိတ်မိ‌နသူများအား ကယ်ဆယ်ရေးပြု


(ပြည်တွင်း) စက်တင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ စက်တင်ဘာ ၁၀ နေ့ ညပိုင်းမှစ၍ ယနေ့ထိမိုးများ အဆက်မပြတ်ရွာသွန်းခြင်း‌ကြောင့် ဇီးကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ၊ အောင်ပန်းကျေးရွာနှင့် ကျည်တောင်ကန်‌ကျေးရွာ အုပ်စုအတွင်းရှိ နေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဇီးကုန်းကျေးရွာနှင့် အောင်ပန်းကျေးရွာသည် ဆင်သေချောင်းအနီးတွင် တည်ရှိပြီး စက်တင်ဘာ ၁၀ နေ့ ညနေပိုင်းမှ ယခုအချိန်ထိ မိုးများအဆက်မပြတ် ရွာသွန်း‌နေခြင်းကြောင့် ရွာနှစ်ရွာမှ ကျေးရွာသူ၊ ကျေးရွာသားများ ဇီးကုန်းကျေးရွာရှိ တိုက်သစ်ဘုန်းတော်ကြီးကျောင်းသို့ ခေတ္တပြောင်းရွေ့လျက်ရှိပြီး၊ အောင်ပန်းကျေးရွာမှ လူ ၁၄ ဦးသည် သစ်ပင်များပေါ်တွင် ပိတ်မိနေရာကယ်ဆယ်ရေးပြုလုပ်ပေးခဲ့ကြောင်း ကျည်တောင်ကန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၏ ‌ပြောကြားချက်အရ သိရသည်။

ယမန်နေ့ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်မှစ၍ အောင်ပန်းကျေးရွာအရှေ့ဘက် ဆင်သေချောင်းအတွင်း ပိတ်မိနေသောသူများအား ဒက္ခိဏသီရိမြို့နယ် မီးသတ်ဦးစီးမှူ၊ ဥတ္တရမြို့နယ် မီးသတ်ဦးစီးမှူးတို့အပါ ၁၇ ဦး၊ ကျည်စု အုပ်ချုပ်ရေးမှူးအပါ ၃ ဦး စာရေး ၁ ဦး၊ ကျည် ၁ အုပ်ချုပ်ရေးမှူးအပါ ၃ ဦး၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ အပါ ၃ ဦးတို့နှင့် စေတနာလူမှုကူညီရေးအသင်းဝင်များ ကျေးရွာသူ/သားများ၏ ဝိုင်းဝန်းကူညီ ကယ်ဆယ်မှုကြောင့် ကျား ၁၀ ဦး၊ မ ၈ ဦး ပေါင်း ၁၈ ဦးအား ည ၁၀ နာရီအချိန်ခန့်တွင် အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ၁၈ ဦးတို့အား ကျန်းမာရေး စစ်ဆေးမှုခံယူနိုင်ရန် ကုတင် ၃၀၀ ဆေးရုံသို့ စေတနာလူမှုကူညီရေးကားများဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရသည်။

ရွှေကျွန်းသူ

Telegram»…
https://t.me/positiveanglenews

PAN