ဘင်္ဂလားပင်လယ်အော်အခြေအနေ မိုးလေဝသနှင့် ဇလဗေဒဦးဌာန၏ မြန်မာစံတော်ချိန် (၁၇:၀၀) နာရီအချိန်ထုတ်ပြန်ချက်

(မိုး/ဇလ) စက်တင်ဘာ ၁၂

      ယနေ့မြန်မာစံတော်ချိန် (၁၆:၀၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည် အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက် (၂၄)နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း တို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင်ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက် ရွေ့လျားနိုင်ပြီး၊ နောက် (၄၈)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ အနောက်ဘင်္ဂလား ပြည်နယ်ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

      အဆိုပါ ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ် ဝန်း၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ ဆက်လက်အားကောင်း နိုင်ခြင်းကြောင့်လည်းကောင်း ၊ ယနေ့ညနေမှ ၁၅-၉-၂၀၂၄ ရက်နေ့အတွင်း စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မကွေး တိုင်းဒေသကြီး၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ် ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

       မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။

     သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း နှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့်  ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ အသိပေးနှိုးဆော်ထားပါသည်။

#PAN