တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၌ လူ ၅၉ ဦးထိသေဆုံးပြီး ၂၄၇ ဦး ဒဏ်ရာရရှိထား


(နိုင်ငံတကာ) စက်တင်ဘာ ၁၂

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် တိုက်ခတ်သွားသည့် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် နောက်ဆက်တွဲ မြေပြိုမှုများနှင့် ရေကြီးမှုများဖြစ်ပွားရာ စက်တင်ဘာလ ၉ ရက် မွန်းလွဲပိုင်းအထိ အနည်းဆုံး လူ ၅၉ ဦး သေဆုံးပြီး ၂၄၇ ဦး ဒဏ်ရာရရှိထားကြောင်း စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံဖြိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် ငါးဖမ်းလှေအများစု ပါဝင်သည့် လူမပါသောလှေ ၂၅ စင်းနစ်မြှုပ်ကာ သစ်ပင်ပေါင်း ၁၂၀,၀၀၀ ‌ကျော်မှာ အမြစ်မှကျွတ်ထွက်ခြင်း သို့မဟုတ် ပျက်စီးခြင်းဖြစ်ပွားသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြ ထားသည်။

အလားတူ ဖူသိုပြည်နယ်ရှိ သံမဏိသံပေါင်တံတားတစ်စင်းကျိုးကျရာ ကား ၁၀ စီးနှင့်ဆိုင်ကယ်နှစ်စင်းမှာ မြစ်ထဲပြုတ်ကျသွားသည့်အတွက် လူ ၁၃ ဦးပျောက်ဆုံးနေကြောင်း VNA သတင်းဌာနကဖော်ပြထားသည်။

ယာဂီ မုန်တိုင်းသည် အာရှဒေသအတွက် ယခုနှစ်အတွင်း အားအပြင်းဆုံးမုန်တိုင်းဖြစ်သောကြောင့် မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်ရှိ စက်ရုံ၊ အလုပ်ရုံများအပြင် အခြေခံအဆောက်အဦများစွာမှာလည်း ပျက်စီးမှုများ ဖြစ်ပွားသည်။

စက်တင်ဘာလ ၇ ရက်တွင် ဝင်ရောက်တိုက်ခတ်သည့် ထိုမုန်တိုင်းသည် ယခုအခါ အနောက်အရပ် သို့ ဦးတည်၍ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

ရွှေကျွန်းသူ

Telegram»…
https://t.me/positiveanglenews

PAN