စမုံဆည် ကျိုးပေါက်မှုကြောင့် ကျေးရွာ ၁၀ ရွာခန့်ရေလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရ


(ပြည်တွင်း) စက်တင်ဘာ ၁၂

မိုးအဆက်မပြတ်ရွာသွန်းမှု့ကြောင့် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၏ အရှေ့တောင်ဘက်အရပ်တွင်တည်ရှိသော စမုံဆည်သည် ယမန်နေ့ည ၇ နာရီအချိန်ခန့်က ကျိုးပေါက်သွားခဲ့ကြောင်း သိရှိရသည်။

၎င်း ဆည်ကျိုးပေါက်ရာမှ စီးဆင်းလာသော ဆည်ရေများနှင့် ကင်းတားဆည်မှ စီးဆင်းလာသောဆည်ရေများသည် ဝမ်းတွင်းမြို့နယ်၏အရှေ့ခြမ်း စမုံချောင်းဘေးနှင့် ကင်းတားလက်ဝဲဆည်ဘေးရှိ ကျေးရွာများဖြစ်ကြသော ရိုးဇုံရွာ၊ မကျီးအုပ်ရွာ၊ ကံစွယ်ရွာ၊ ညောင်ပင်ရွာ၊ ခြင်္သေ့လက်ရွာ၊ ရွာသစ်ရွာ၊ ကိုင်းရွာ၊ ဆားတောင်ကုန်းရွာ​၊ ဒီးဒုတ်​ရွာ၊ မိုးကောင်းရွာတို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေ၍ ရေလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ကြရကြောင်း သိရှိရသည်။

အဆိုပါ ရေနစ်မြုပ်မှုအခြေအနေမှာ အနိမ့်ဆုံး ၃ ပေခန့်မှ အမြင့်ဆုံး ၁၂ ပေခန့်ထိရှိပြီး ယနေ့ နံနက်ပိုင်းတွင် ရွာသစ်ရွာ၌ ပိတ်မိနေသောလူ ၃၀၀ ကျော်ခန့်ကို ရေကြီးနစ်မြုပ်မှုမှကယ်ထုတ်ရန်အတွက် မြို့နယ်စီမံအဖွဲ့ထံ ဆက်သွယ်သတင်းပို့ခဲ့ပြီး မြို့နယ်စီမံအဖွဲ့မှ စက်လှေနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်လျက်ရှိကာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များကလည်း ထမင်းထုပ်များ ဝေငှပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ရွှေကျွန်းသူ

Telegram»…
https://t.me/positiveanglenews

PAN