ရေကျသွားလို့ အိမ်ကိုပြန်တော့မယ်ဆိုရင်


(ဆောင်းပါး) စက်တင်ဘာ ၁၁

အခုလတ်တလောမှာတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးမှုတွေ ကြုံတွေ့နေရသလို အိမ်နီးချင်း တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတွေမှာလည်း ရေကြီး မှုတွေ ဖြစ်ပေါ်နေပါတယ်။

ရေကြီးမှုက အဆမတန် ကြီးတဲ့အခါ အသက်အန္တရာယ် ဆုံးရှုံးတာမျိုးတွေအထိ တွေ့ကြုံရနိုင်ပါတယ်။ ရေကြီးတာကပဲ အန္တရာယ် ရှိနေတာရောဂါတွေကို ဖြစ်စေနေတာ မဟုတ်ပါဘူး။ ရေကျသွားတဲ့အခါမှာလည်း အန္တရာယ် ဖြစ်စေနိုင်တဲ့ အနေအထားတွေ ရင်ဆိုင်ရနိုင်သလို ရောဂါတွေကို ခံစားရနိုင်ပါသေးတယ်။ ဒါကြောင့် ရေကျသွားလို့ အိမ်ပြန်တော့မယ်ဆိုရင် အန္တရာယ်ကင်းစေဖို့ ဘာတွေကို သတိထားရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ရေကျသွားလို့ အိမ်ကိုပြန်တော့မယ်ဆိုရင်

အိမ်ရဲ့ခိုင်ခန့်မှု အခြေအနေကို အရင်စစ်ဆေးသင့်ပါတယ်၊ ရေကျသွားလို့ နေအိမ်တွေကို ပြန်ပြီဆိုရင် အရင်ဆုံးကတော့ နေအိမ်တစ်ခုလုံးမှာ ရှုပ်ပွနေသမျှကို ရှင်းလင်းသင့်ပါတယ်။ ဒါမှပဲ ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာဖြစ်ကပါတယ်။ ဒါပေမယ့် အိမ်ကို သန့်ရှင်းရေးမလုပ်ခင် အရင်ဆုံး နေအိမ်ရဲ့ ခိုင်ခန့်မှု အခြေအနေစစ်ဆေးသင့်ပါတယ်။ နေအိမ်က ရေဝင်ထားတာ လေတိုက်ခံထားရတာတွေကြောင့် ခိုင်ခန့်မှု အားနည်းနေနိုင်ပါတယ်။ ကြမ်းပြင်မှာ အပေါက်တွေ ဖြစ်နေလား၊ ကြမ်းကျွံနေလား၊ မှန်ကွဲစတွေ ရှိနေလားဆိုတာကို အရင်ဆုံးစစ်ဆေးစေချင်ပါတဘ်။

မြွေလိုမျိုး အဆိပ်ရှိတဲ့ အကောင်တွေကို သတိထားပါ

ရေကြီးတဲ့အခါမှာ ရေနဲ့အတူမြွေတွေ၊ အခြားအဆိပ်ရှိတဲ့ အကောင်တွေဟာ နေအိမ်ရဲ့နေရာတွေမှာ ခိုအောင်းနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်နေအိမ်ကို သန့်ရှင်းရေးလုပ်တဲ့အခါ ရော်ဘာလည်ရှည်ဖိနပ်စီးတာ၊ ရော်ဘာလက်အိတ်စွပ်တာလိုမျိုး အကာအကွယ်တွေကို ဝတ်ဆင်ပြီးမှ သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ဂတ်စ်မီးဖိုတွေကိုလည်း မဖွင့်မိဖို့ သတိထားပါ။

လျှပ်စစ် စီးဝင်နေနိုင်တဲ့ အရာတွေကို သတိထားပါ

အိမ်ရောက်တဲ့အခါ လျှပ်စစ်မီးနဲ့ အသုံးပြုရတဲ့ အရာတွေကို အမှုမဲ့အမှတ်မဲ့ ကိုင်တွယ်ထိတွေ့တာ၊ မီးခလုတ်တွေကို ဖွင့်ကြည့်တာ၊ ဓာတ်ကြိုးတွေကို ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်သင့်ပါဘူး။ မတော်တဆ ဓာတ်လိုက်တာမျိုး ဖြစ်နိုင်ပါတဘ်။ တတ်ကျွမ်းနားလည်သူတွေနဲ့ စစ်ဆေးပြီးမှ လျှပ်စစ်ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုသင့်ပါ။

သန့်ရှင်းမှု မလုပ်ပြီးခင်မှာ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို အဆင်ပြေမယ့် တစ်နေရာမှာ ထားပါ

ရေကြီးစဉ်က တင်ကျန်ခဲ့တဲ့ အမှိုက်နဲ့ နုန်းတွေထဲမှာ ရောဂါပိုးတွေ ရှိနေနိုင်တာကြောင့်၊ သက်ကြီးရွယ်အိုတွေ နဲ့ ကလေးငယ်တွေက ကိုယ်ခံအား နည်းသူတွေဖြစ်တာကြောင့် နေအိမ်သန့်ရှင်းလို့ မပြီးခင်မှာ မခေါ်ထားတာက အကောင်းဆုံးပါ။ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း ဘေးကင်းမယ့် တစ်နေရာမှာထားပြီး အိမ်ကို သန့်ရှင်းပြီးမှ ခေါ်ဆောင်သင့်ပါတယ်။

တစ်အိမ်လုံးကို ပိုးသတ်သန့်စင်ပါ

ရေကြီးတဲ့အခါ ရေထဲမှာ အညစ်အကြေးတွေ၊ အမှိုက်သရိုက်တွေနဲ့ ရောဂါပိုးတွေ ပါနိုင်တာကြောင့် တစ်အိမ်လုံးကို သန့်စင်ပြီးသွားပြီဆိုရင် ပရိဘောဂတွေ၊ အိုးခွက်ပန်းကန်တွေနဲ့ အသုံးအဆောင်တွေကိုပါ မကျန် ပိုးသတ် သန့်စင်သင့်ပါတယ်။ အဝတ်အစားတွေကိုလည်း ဆပ်ပြာမှုန့်နဲ့ရေနွေး အသုံးပြုပြီး လျှော်ပေးသင့်ပါတယ်

ရေတွေကို ပြန်မသုံးပါနဲ့

သောက်ရေနဲ့ ချက်ပြုတ်ဖို့ကတော့ ရေသန့်ကိုပဲ အသုံးပြုသင့်ပါတယ်။ ရေကြီးစဉ်က ရေဝင်ထားတာမျိုး ဖြစ်နေတဲ့ ရေအရင်းအမြစ်တွေကို ပြန်မသုံးသင့်ပါဘူး။ ကုန်စင်အောင် သွန်ပစ်ပြီး အသစ်လဲပေးပါ။

ထိခိုက်ဒဏ်ရာတွေကို သေချာကာကွယ်ပေးပါ

ရေကြီးစဉ်က ပြောင်းရင်းရွှေ့ရင်းနဲ့ မတော်တဆ ထိခိုက်မိထားတာမျိုးတွေ ရှိနိုင်တဲ့အတွက် ထိခိုက်ဒဏ်ရာတွေကို မသန့်ရှင်းတဲ့ ရေတွေကနေတဆင့် ဘက်တီးရီးယားတွေဝင်ပြီး အနာရင်းတာတွေ မဖြစ်စေဖို့အတွက် အနာကို ပလာစတာ ကပ်တာ၊ ပတ်တီး စည်းတာမျိုးတွေ လုပ်ဆောင်ပေးသင့်ပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ

မလိုလားအပ်တဲ့ ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် သန့်ရှင်းရေး လုပ်ပြီးတဲ့အခါ လက်ဆေးဖို့ မမေ့ပါနဲ့။ အစားအစာတွေကို မပြင်ဆင်ခင်၊ အစားအစာတွေကို မစားခင်မှာလည်း ခြေလက်တွေကို သန့်စင်ပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို မပြတ်ဂရုစိုက်ပေးသင့်ပါတယ်။

ရွှေကျွန်းသူ

Telegram»…
https://t.me/positiveanglenews

PAN