မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ဆည်မြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွား


(ပြည်တွင်း)စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယမန်နေ့ ည ၉ နာရီ အချိန်ခန့်ကစ၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့သောကြောင့် ဇော်ဂျီမြစ်ရေမြင့်တက်လာပြီး ကျောက်ဆည်မြို့နယ် အနိမ့်ပိုင်းဒေသများရှိ ရပ်ကွက်/ကျေးရွာများအတွင်းသို့ ရေ ၁ ပေမှ ၂ ပေခန့်ထိ ဝင်ရောက်ခဲ့ပြီး နေအိမ်အချို့နှင့် အခြေခံပညာကျောင်းများ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဝင်မှုကြောင့် ယနေ့ နံနက်၉ အချိန်မှစတင်၍ ကျောက်ဆည်မြို့နယ်ရှိ ကြက်မင်းတွန်ရပ်ကွက်ပါ ရပ်ကွက်/ကျေးရွာ ၂၈ ရွာတို့မှ အခြေခံကျောင်းပေါင်း ၄၆ ကျောင်းတို့မှာ ရေဝင်ရောက်မှုကြောင့် စာသင် ကျောင်းများ ပိတ်ထားရကြောင်း၊ ၎င်းအခြေခံပညာကျောင်း ၄၆ ကျောင်းတို့တွင် ကျောင်းသား/သူ ၁၀၁၂၁ ဦး ပညာသင်ကြားလျှက်ရှိပြီး ရေဝင်၍ ပိတ်ထားသည့် ကျောင်းပိတ်ရက်များအား တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်များတွင် အစားထိုးဖွင့်လှစ်၍ ပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ မြစ်ရေဝင်ရောက်သည့် နေရာများအား သဲအိတ်များပိတ်ဆို့တားဆီးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ယနေ့နံနက် ၈ နာရီအချိန်တွင် ဇော်ဂျီမြစ်ရေဝင်ရောက်မှုကြောင့် ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံကြီး၊ ဖျားနာဆောင်တွင် တက်ရောက်ဆေးကုသလျက်ရှိသည့် အတွင်းလူနာကျား ၁၄ ဦး၊ မ ၁၅ ဦး၊စုစုပေါင်း ၂၉ ဦးတို့အား ရေဘေးလွတ်ကင်းသည့် ဆေးရုံကြီး၏ အပေါ်ထပ်သို့လည်းကောင်း၊ ဆေးကုသမှုလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေးအတွက် မြေညီထပ်ရှိ အရေးပေါ်ကုသခန်း၊ ဓာတ်ခွဲခန်း၊ဓာတ်မှန်ခန်းနှင့် ကျောက်ကပ်လူနာများ ဆေးထည့်သည့်စက်ခန်း၊ အောက်စီဂျင်ထုတ် စက်ခန်း၊ အကြောအဆစ်လူနာကုသခန်း၊ သွားနှင့်ခံတွင်းရောဂါကုသခန်းများရှိ ဆေးရုံသုံးပစ္စည်းများကို ဆေးရုံကြီးအပေါ်ဆုံးထပ် သို့လည်းကောင်း ပြောင်းရွှေ့ထားရှိခဲ့ပါသည်။ ၎င်းအပြင် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဖွင့်လှစ်ထားသည့် မူလဆေးရုံပြင်ပလူနာနှင့် အရေးပေါ် ဌာနစိတ်အား နေလသုခဆေးကုသဆောင်သို့ ယာယီပြောင်းရွှေ့ ဖွင့်လှစ်ထားရှိပါကြောင်း၊ ဆေးကုသမှုလုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

အလားတူ ယမန်နေ့ ၃ နာရီအချိန်ခန့်တွင် ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာအုပ်စုအနီး၊ ဟန်မြင့်မိုရ် -မြို့ကြီး- ရွာငံ-အောင်ပန်းလမ်း မိုင်တိုင်အမှတ် (၅/၀) နှင့် (၆/၀) ကြား ဇော်ဂျီမြစ်ရေ မြင့်တက်၍ လမ်းပေါ်သို့ ဖြတ်သန်းစီးဆင်းမှုအနေဖြင့် အမြင့်ပေ ၃ ပေခန့်၊ အလျား ၂၀၀ ပေခန့် ဖြတ်သန်းစီးဆင်းနေမှုကြောင့် မော်တော်ယာဥ်၊မော်တော်ဆိုင်ကယ်၊ လူ၊ တိရိစ္ဆာန်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း၊အဆိုပါ ဇော်ဂျီမြစ်ရေမြင့်တက်၍ လမ်းပေါ်သို့ ဖြတ်သန်းစီးဆင်းမှုကြောင့် ယနေ့ နံနက် ၆ နာရီအချိန်တွင် ဟန်မြင့်မိုရ် -မြို့ကြီး-ရွာငံ-အောင်ပန်းလမ်း မိုင်တိုင်အမှတ် (၅/၀) နှင့် (၆/၀) ကြားတွင် အလျား ၆၀ ပေအရှည်၊ အနက် ၅ ပေခန့်၊ အကျယ်အနေအထားရှိ လမ်းပိုင်းတစ်ခုလုံး ပျက်စီးသွားပါသဖြင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်လျှက်ရှိပါကြောင်း၊ အဆိုပါ ပျက်စီးသွားသောလမ်းပိုင်းအား အမြန်ဆုံးပြန်လည်သွားလာနိုင်ရေး သက်ဆိုင်ရာ လမ်းအထူးအဖွဲ့မှ ဆောင်ရွက်လျှက်ရှိပါကြောင်း သိရသည်။

ဇေယျာရွှေပြည်

Telegram»…
https://t.me/positiveanglenews

PAN