မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ဆည်ကန်ကျိုးပေါက်၍ ကျေးရွာအချို့ ရေနစ်မြုပ်မှု


(ပြည်တွင်း)စက်တင်ဘာ ၁၁

ပျော်ဘွယ်မြို့နယ်တွင် စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကျောက်ဆည်ကန် ဘောင်ကျိုးပေါက်၍ ကျောက်ဆည်ကန် အနီးနှင့် အောက်ဘက်ရှိကျေးရွာ အချို့တွင် ရေနစ်မြုပ်မှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ကျောက်ဆည်ကန်အတွင်း ရေအဆမတန်ဝင်ရောက်ခဲ့ရာ ရေပိုလွှဲမှ (၃.၅)ပေ ရေကျော်သွားခဲ့သည်။ ၎င်းအပြင် ကန်ဘောင်အမှတ် RD-၁၈၀၀ ခန့်တွင် ကန်ဘောင် အရှည်ပေ(၅၀)ခန့် ကျိုးပေါက်သွားခဲ့ပြီး ကျောက်ဆည်ကျေးရွာအုပ်စု၊ ဘုရားကြီးကျေးရွာအုပ်စု၊ ဆူးချင်ကုန်းကျေးရွာအုပ်စု၊ ဂွေးပင်ရိုးကျေးရွာအုပ်စုတို့ရှိ ကျေးရွာများတွင် ရေနစ်မြုပ်လျက်ရှိသဖြင့် လူနှင့် တိရစ္ဆာန်များ ကို ဘေးလွတ်ရာသို့ ခေတ္တရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

အလားတူ မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာအများစုတွင်လည်း ရေနစ်မြုပ်ခြင်း၊ ကားလမ်းများပေါ် ရေကျော်ခြင်း၊ အနိမ့်ပိုင်းရှိ ဌာနဆိုင်ရာ အချို့ရုံးများသို့ ရေဝင်ရောက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ရေနစ်မြုပ်မှုနှင့်ပတ်သက်၍ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များပူပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာရွှေပြည်

Telegram»…
https://t.me/positiveanglenews

PAN