ဥရောပသို့ ဦးတည်နေသော ရွှေ့ပြောင်းဝင်ရောက်သူများကို လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့ ကြားဖြတ်တားဆီး

(နိုင်ငံတကာ) စက်တင်ဘာ ၉

ရေယာဉ်တစ်စီးဖြင့် ဥရောပသို့ ဦးတည်သွားရောက်နေသော ရွှေ့ပြောင်းဝင်ရောက်သူ အများအပြားကို လစ်ဗျားကမ်းခြေစောင့်တပ်က စက်တင်ဘာလ ၆ ရက်တွင် ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

လစ်ဗျားကမ်းလွန်၌ လူပေါင်း ၂၀ ကျော် ပျောက်ဆုံးခဲ့ရသော ရေယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် အဆိုပါ ရွှေ့ပြောင်းဝင်ရောက်သူများကို လစ်ဗျားကမ်းခြေစောင့်တပ်က ကြားဖြတ် တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

လစ်ဗျားကမ်းခြေစောင့်တပ်က ကြားဖြတ်တားဆီးနိုင်ခဲ့သော ရေယာဉ်ပေါ်တွင် ဥရောပသို့ သွားရောက် မည့် တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူ ၆၄ ဦး လိုက်ပါလာကြောင်း သိရသည်။ လစ်ဗျားကမ်းခြေစောင့်တပ်သည် အဆိုပါ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူများကို ကမ်းခြေသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ၎င်းတို့လိုက်ပါလာသော ရေယာဉ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

စက်တင်ဘာလ ၄ ရက်ကလည်း လစ်ဗျားအရှေ့ပိုင်း၊ တိုဘရွတ်ခ်မြို့ ကမ်းလွန်၌ ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူ ၂၂ ဦး ပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့ရသည်။

ယခုနှစ် ဇန်နဝါရီလနှင့် ဩဂုတ်လအကြား ကာလအတွင်း လစ်ဗျားကမ်းလွန်၌ တရားမဝင်ရွှေ့ပြောင်း ဝင်ရောက်သူ အနည်းဆုံး ၄၃၄ ဦးသေဆုံး၍ ၆၁၁ ဦးပျောက်ဆုံးခဲ့ရကြောင်း သိရသည်။

#PAN