မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ သန်း ၁,၁၅၀ ကျော်ရရှိထား

(ပြည်တွင်း) စက်တင်ဘာ ၈

     ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ်လ ၁၆ ရက်အထိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၁,၁၅၀ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

      နယ်စပ်ကုန်သွယ်ရေးစခန်းများအလိုက် ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၉၆၀ ကျော်ရှိပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်ရှိလို့ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁,၁၅၀ ကျော်ရရှိထားပါတယ်။

      မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် နယ် မြေတည်ငြိမ်မှုအပါအဝင် မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပျက်ဆီးခြင်း၊ မကြာခဏလမ်းပိတ်ခြင်းတို့ကြောင့် နှစ်နိုင်ငံကုန်သွယ်မှုမှာ ယမန်နှစ်ကထက် သိသိသာသာ လျော့ကျခဲ့ကြောင်းနဲ့ ပွင့်လင်းရာသီရောက်မှသာ ပိုမိုကောင်းမွန်လာနိုင်ကြောင်း နယ်စပ်ကုန်သည်များရဲ့ ပြောပြချက် အရ သိရပါတယ်။

      တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မော်တောင်နယ်စပ်များမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် နယ်စပ် ကုန်သွယ်မှု ပြုလုပ်နေပြီး ၎င်းကုန်သွယ်မှုများအနက် ထီးခီးနယ်စပ်မှ အများဆုံးကုန်သွယ်မှုပြုလုပ်ထားတာ ဖြစ်ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးကို လမ်းကြောင်းအသစ်အဖြစ် ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

      မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊မွေးမြူ ရေး ထွက်ကုန်များ၊ ရေထွက်ကုန်များ၊ဓာတ် သတ္တုများ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ချောနှင့် အခြားကုန်စည်များ တင်ပို့လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း လူသုံးကုန်ပစ္စည်းများနှင့် CMP ကုန်ကြမ်း များကို ပြန်လည်တင်သွင်းလျက်ရှိပါတယ်။

#PAN