ပုပ်ရဟန်းမင်းကြီးဖရန်စစ် အား ခြိမ်းခြောက်မှုအတွက် လူခုနစ်ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ဖမ်းဆီး

(နိုင်ငံတကာ)စက်တင်ဘာ ၈

     အင်ဒိုနီးရှားနိုင်ငံ၌ ပုပ်ရဟန်းမင်းကြီးဖရန် စစ် ရောက်ရှိနေစဉ် အွန်လိုင်းမှတစ်ဆင့် အကြမ်း ဖက် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သူ ခုနစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က စက်တင်ဘာလ ၆ ရက်တွင် သတင်းထုတ်ပြန်ထား သည်။

      ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အား အွန်လိုင်းမှတစ်ဆင့် အကြမ်းဖက်ခြိမ်းခြောက်ခဲ့သူများကို ဂျာကာတာမြို့ ပတ်ဝန်းကျင်မြို့များနှင့် အနောက်ဆူမတြားပြည်နယ်တို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဖမ်းဆီးခံထားရသူများသည် ဂျာကာတာမြို့၌ ကျင်းပခဲ့သည့် ပုပ်ရဟန်းမင်းကြီး၏ အများပြည်သူများနှင့် တွေ့ဆုံပွဲကို ဗုံးခွဲတိုက်ခိုက်မည်ဟူ သော ခြိမ်းခြောက်ကြေညာချက်များကို အွန်လိုင်းပေါ်တွင် ထုတ်လွှင့်ခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားထားသည်။

     အသက် ၈၇ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် ၁၂ ရက်ကြာ အရှေ့တောင်အာရှခရီးစဉ်၏ ပထမဆုံးခရီးထောက်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ စက်တင်ဘာလ ၃ ရက်တွင် ရောက်ရှိခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် သုံးရက်ကြာ အင်ဒိုနီးရှားခရီးစဉ် ပြီးဆုံးခဲ့ပြီးနောက် လက်ရှိတွင် ပါပူဝါးနယူးဂီနီနိုင်ငံသို့ ရောက်ရှိနေ ကြောင်းသိရသည်။

      ပါပူးဝါးနယူးဂီနီ ခရီးစဉ်ပြီးဆုံးချိန်တွင် အရှေ့ တောင်အာရှ ခရီးစဉ်၏ နောက်ဆုံးခရီး ထောက်အဖြစ် စင်ကာပူနိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

#PAN