အမေရိကန် သမ္မတရွေးကောက်ပွဲ၌ ကမ်မလာဟားရစ် အနိုင်ရရန်လိုလားကြောင်း ရုရှားသမ္မတ ပူတင် ပြောကြား


(နိုင်ငံတကာ) စက်တင်ဘာ ၇

အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် ထက် ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း ကမ်မလာဟားရစ် အနိုင်ရရှိရေးကို မိမိအနေဖြင့် ပို၍လိုလားကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် က စက်တင်ဘာလ ၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဗလာဒီမာဗော့စတော့မြို့တော်၌ ကျင်းပနေသော အရှေ့ဖျားစီပွားရေးဖိုရမ် ဆွေးနွေးပွဲတစ်ခုတွင် ရုရှား သမ္မတပူတင် က အမေရိကန်သမ္မတလောင်းများနှင့် ပတ်သက်၍ ၎င်း၏သဘောထားကို အဆိုပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လာမည့် နိုဝင်ဘာလ ၅ ရက်တွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ရီပတ်ဘလီကန်ပါတီမှ ကိုယ်စားပြုသမ္မတလောင်း ဒေါ်နယ်ထရမ့် နှင့် ဒီမိုကရက်တစ်ပါတီသမ္မတလောင်း လက်ရှိအမေရိကန် ဒုတိယ သမ္မတ ကမ်မလာဟားရစ် တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြရဖွယ်ရှိသည်။

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အနေဖြင့် ကမ်မလာဟားရစ် ကို အားပေးကြရန် ထောက်ခံသူများကို တိုက်တွန်းထားရာ ဂျိုးဘိုင်ဒင် ၏ အကြံပြုချက်အတိုင်း မိမိတို့သည်လည်း ကမ်မလာဟားရစ် သမ္မတ ဖြစ်ရေးကို ထောက်ခံမည်ဖြစ်ကြောင်း သမ္မတ ပူတင် က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်ရန် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် မဆုံးဖြတ်မီကလည်း မိမိအနေဖြင့် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့် အနိုင်ရရေးထက် ပို၍ခန့်မှန်းရလွယ်ကူသော ဂျိုးဘိုင်ဒင် အနိုင်ရရေးကို ပိုလို့လားကြောင်း သမ္မတ ပူတင် ကပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ယခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများအပေါ် ဩဇာလွှမ်းမိုးနိုင်ရေးအတွက် ကြိုးပမ်းနေသည်ဟု အမေရိကန်အစိုးရက စွပ်စွဲထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN