တရုတ်နိုင်ငံတောင်ပိုင်းသို့ အလွန်အင်အားပြင်း ယာဂီမုန်တိုင်းဝင်ရောက်


(နိုင်ငံတကာ) စက်တင်ဘာ ၇

အလွန်အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခုဖြစ်သည့် ယာဂီသည် စက်တင်ဘာလ ၆ ရက်တွင် တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဟိုင်နန်ကျွန်းနှင့် ကွမ်တုံပြည်နယ်တို့သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၂၀ တွင် ဝင်ရောက် တိုက်ခတ်ခဲ့သည်။

မုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၂၃၀ နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း ထိုဒေသသို့ တိုက်ခတ်သည့် အားအပြင်းဆုံး မုန်တိုင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ဟိုင်နန်ကျွန်းမှ တာဝန်ရှိသူများသည် မုန်တိုင်းမဝင်ခင်ကတည်းက ဒေသခံပြည်သူလေးသိန်းကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားပြီး အိမ်နီးချင်း ဗီယက်နမ်နိုင်ငံတွင်မူ ပြည်သူထောင်ပေါင်းများစွာမှာ ကယ်ဆယ်ရေးစခန်းများသို့ သွားရန်ပြင်ဆင်နေသည်။

အဆိုပါမုန်တိုင်းသည် အဆင့် ၄ ဟာရီကိန်းမုန်တိုင်းနှင့် ပြင်းထန်မှုတူညီကြောင်း NASA Earth Data တွင် ဖော်ပြထားချက်အရ သိရသည်။

မုန်တိုင်းဖြတ်သန်းလာရာဒေသတစ်ခုဖြစ်သော ဟောင်ကောင်ဒေသ၌ မုန်တိုင်းကြောင့် ဒဏ်ရာရရှိသူ ငါးဦးရှိကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

ယာဂီမုန်တိုင်းသည် တရုတ်နိုင်ငံတောင်ပိုင်းကို ဝင်ရောက်ပြီးနောက် ဗီယက်နမ်နိုင်ငံသို ဦးတည်ဝင်ရောက် မည်ဖြစ်ပြီး စက်တင်ဘာလ ၇ ရက်တွင် နာမည်ကျော် ဟာလောင်ဘေးသို့ ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။

ထိုမုန်တိုင်းသည် ယခုသီတင်းပတ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ အပူပိုင်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့ရာ ရေကြီးမှုများနှင့် မြေပြိုမှုများဖြစ်ပွားခြင်းကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံးထားသည်။ ထိုနောက်မှသာ မုန်တိုင်းသည် အလွန်အားပြင်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN