ကျိုက်ထိုဆေးရုံမှ မျောက်ကျောက်ရောဂါ သံသယလူနာ ကနဦး ဓါတ်ခွဲခန်းရလာဒ် Negative ဖြစ်

(ကျန်းမာရေး) စက်တင်ဘာ ၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးစခန်းတွင် ဘားအံမြို့မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ရွှေမြန်မာခရီးသည်တင် မှန်လုံယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် (၃၄) ဦးအနက်မှ မျောက်ကျောက်ဟုယူဆရသည့် သံသယလူနာအမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ခြင်းကြောင့် ကျိုက်ထိုပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင်ထားရှိကာ ဓာတ်ခွဲစမ်းသပ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအမျိုးသားမှာ အသက် (၄၅)နှစ်အရွယ် ဦးတင်မြင့်ဆိုသူဖြစ်ပြီး၊ ပြည်မြို့အတွင်း ကျောက်ခြံရွာတွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။

မျောက်ကျောက်ရောဂါ(M pox) သံသယလူနာတစ်ဦး တွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ယမန်နေ့ စက်တင်ဘာလ(၅)ရက်တွင် အသိပေးထုတ်ပြန်ထားပြီးနောက် ယနေ့ တွင် ကနဦး ဓါတ်ခွဲခန်း စစ်ချက် Negative ကြောင်း သိရပြီး အခြားနည်းများဖြင့်လည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ သံသယလူနာအား ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိရာမှ လူနာ၏ ကိုယ်ခံအားကျပြီး ဖြစ်နေသည့်အရေပြား ရောဂါကို ဆေးရုံက ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာန

PAN