ရုရှားသမ္မတပူတင်က မွန်ဂိုးလီးယားသမ္မတကို BRICS အစည်းအဝေးသို့ ဖိတ်ခေါ်


(နိုင်ငံတကာ) စက်တင်ဘာ ၄

မွန်ဂိုးလီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင် က မွန်ဂိုးလီးယား သမ္မတ အူခရာဂင်ခူရယ်ဆက် ကို BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားလိုက်ကြောင်း သိရသည်။

ပူတင်သည် ဆိုဗီယက်နှင့်မွန်ဂိုးလီးယား တို့ပူးပေါင်းကာ ဂျပန်တပ်များကို အနိုင်ရရှိသည့် ၈၅ နှစ်မြောက် အထိမ်းအမှတ်ပွဲသို့တက်ရန် ယင်းနိုင်ငံသို့ စက်တင်ဘာလ ၂ ရက်တွင် ရောက်ရှိနေခြင်းဖြစ်သည်။

BRICS အဖွဲ့ ထိပ်သီးအစည်းအဝေးကို အောက်တိုဘာလတွင် ရုရှားနိုင်ငံ ခါဇန်မြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ထိုအစည်းအဝေးသို့ တက်ရောက်ရန် မွန်ဂိုးလီးယား သမ္မတကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွင်း BRICS အဖွဲ့အလှည့်ကျ ဥက္ကဋ္ဌကို ရုရှားနိုင်ငံက တာဝန်ယူထားပြီး BRICS အဖွဲ့နှင့် ပတ်သက်သည့် အခမ်းအနားပေါင်း ၁၅၀ ကို ဒေသ ၁၁ ခုတွင် ကျင်းပခဲ့ရာ ထိုအခမ်းအနားကို အောက်တိုဘာလ ၂၂ ရက်မှ ၂၄ ရက် အထိ ပြုလုပ်မည့် ၁၆ ကြိမ်မြောက် BRICS အဖွဲ့ထိပ်သီးညီလာခံဖြင့် အဆုံးသတ်သွားမည် ဖြစ် ကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN