“၈ လအတွင်း YBS စည်းကမ်းဖောက်မှု ၄ သောင်းကျော်ရှိ”

(မှုခင်း) စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ် YBS ယာဉ်တွေအနေနဲ့ မဆင်မခြင် မောင်းနှင်ပြီး စည်းကမ်းဖောက်ဖျက်တဲ့အမှုပေါင်း ၄ သောင်းကျော်ရှိတယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က သြဂုတ်လ ၃၀ ရက်ညနေပိုင်းက YRTC အစည်းအဝေးခန်းမမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေသြဂုတ်လ ၂၃  ရက်အထိ ဖြစ်ပွားခဲ့တဲ့ YBS ယာဉ်စည်းကမ်း ဖောက်ဖျက် မှုတွေအနေနဲ့ ဘေးတံခါးဖွင့်မောင်းနှင်မှု၊ ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှု၊ မီးနီဖြတ်မောင်းနှင်မှု၊ ဘေးတံခါး ဖွင့်မောင်းနှင်မှု၊ မဆင်မခြင်မောင်းနှင်မှု၊ ရပ်နားချိန်ကြာမြင့်မှုနဲ့ သတ်မှတ်လမ်းကြောင်းအတိုင်း မောင်းနှင်မှုမရှိခြင်း စတာတွေရှိခဲ့ပြီး အများဆုံးကတော့ ဘေးတံခါးဖွင့်မောင်းတာနဲ့ ယှဉ်ပြိုင်ကျော်တက်တဲ့အမှုတွေက အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်မောင်းတွေကို ယာဉ်မောင်းနှင်ခွင့်ပိတ်ပင်ဖို့ က.ည.နနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့လည်း ဦးလျန်ကျင့်မန်က ပြောကြားခဲ့ပါတယ်။ အခုနှစ် ၈ လအတွင်း YBS ယာဉ်မတော်တဆမှု တွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၈၉ ယောက်နဲ့ သေဆုံးသူအယောက် ၃၀ ရှိခဲ့တယ်လို့ သိရပါတယ်။

#PAN