ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းအေဂျင်စီလုပ်ငန်း ၄၀၉ ဦး ခွင့်ပြုထားဟုဆို


(ပြည်တွင်း) စက်တင်ဘာ ၃

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ၂၈-၈-၂၀၂၄ ရက်နေ့က ပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် ၂၀-၅-၂၀၂၄ ရက်နေ့မှ ၁၆-၈-၂၀၂၄ ရက်နေ့ အထိ လုပ်ငန်းအသိအမှတ်ပြု လက်မှတ် လျှောက်ထားလာသည့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ဂျာနယ်တစ်ဦးနှင့် အထွေထွေ ၂၄ ဦး ပေါင်း ၂၅ ဦးအား အသိအမှတ်ပြုလက်မှတ်များထုတ်ပေးရန် ခွင့်ပြုပေးခဲ့သည်ဟု ဆိုသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၈ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၄၅၅ ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း ၄၀၉ ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီလုပ်ငန်း ၅၅၆၂ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောင်မောင်း(ရာမညမြေ)

Telegram»…
https://t.me/positiveanglenews

PAN