သာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၃၇ ကီလိုနှင့် Happy Water ၆ ဒသမ ၅ ကီလို ဖမ်းဆီးရမိ


(ပြည်တွင်း) စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ တောင်ဂွကျေးရွာအနီးတွင် ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ အချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်လာသော တရားခံများအား ဖမ်းဆီးရမိကြောင်း သိရှိရသည်။

တောင်ဂွကျေးရွာအနီးတွင် ပြည့်ဖြိုးကျော်(ခ)မှုန်လေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေ ကျပ် ၁ ဒသမ ၈၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၃၇ ကီလိုနှင့် Happy Water ၆ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် သိန်းမင်းကျော်(ခ)ဖိုးထွေး နှင့် နိုင်ဝင်းထွန်း တို့ ၂ ဦးအား ယင်းနေ့မွန်းလွဲ ၁ နာရီအချိန် သာစည်မြို့နယ်၊ ဘုရားငါးဆူ ကျေးရွာအနီး၊ ပျော်ဘွယ်-တောင်ကြီး သွားကားလမ်းတွင် PAJERO မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ စိတ်ပြောင်းဆေးဝါး များ သယ်ဆောင်ခိုင်းသူ ဘိုဘိုဇော်၊ မဒိုင်နန်း(ခ)ရွှေစင် နှင့် ဝင်းကိုကို တို့ ၃ ဦးအား ည ၁၁ နာရီခွဲအချိန် မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်း၊ ၅၉ x ၆၀ လမ်းကြားရှိ ဟိုတယ်တွင် LANDCRUISER မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့ကြောင်း၊ စစ်ဆေးဖော် ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့ အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်းနှင့် KTV/ CLUB/ BAR နှင့် စားသောက်ဆိုင် များတွင် လူငယ်များအား အန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချနေမှုများကို ထိရောက်စွာတားဆီးနိုင်ရေးအတွက် စီမံချက်ချ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN