လိုင်စင်မဲ့အရက်ဆိုင်တွင် ရဲဆေးတင်ပြီး အုပ်ချုပ်ရေးမှူးအား ဓားဖြင့်ဝင်ခုတ်မှု ကန်ကြီးထောင့်တွင်ဖြစ်ပွား


(မှုခင်း) စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် အောက်တံခွန်တိုင်အုပ်စု အုပ်ချုပ်ရေးမှူးအား စက်တင်ဘာ ၂ ရက့နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် တစ်ရွာတည်းနေထိုင်သည့် ဆန်းလင်း(ဘ)ဦးခင်ဝင်း ဆိုသူမှ ဓားဖြင့်ဝင်ရောက် ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူက မခင်ထားမေ၏လိုင်စင်မဲ့အရက်ဆိုင်မှာအရက်နည်းနည်း ဝင်သောက်ပြီး မူးစပ်စပ်ဖြစ်နေတယ်။ အရပ်ခေါ်ပြောရရင်တော့ ရဲဆေးတင်တာပေါ့ဗျာ အဲဒါနဲ့ အုပ်ကြီးအိမ်ဝင်ပြီးခုတ်တာပေါ့ အုပ်ကြီးကတော့ပွဲချင်းပြီးပဲ၊ ဝင်ဆွဲတဲ့အုပ်ကြီးကတော်လည်း တော်တော်ထိသွားတယ်” ဟု ဒေသခံတစ်ဦးမှ PAN ကိုပြောသည်။

ဆန်းလင်း ဆိုသူမှ ဓားဖြင့်ဝင်ရောက်ခုတ်သတ်မှုကြောင့် အောက်တံခွန်တိုင်အုပ်စု အုပ်ချုပ်ရေးမှူးဦးအောင်နိုင်မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်မိမိုး မှာလည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့သည့်အတွက် ကျိုက်လတ်တိုက်နယ်ဆေးရုံပို့ဆောင်ထားရကြောင်း သိရသည်။

“ဆန်းလင်းကတော့ မိသားစုကိုခေါ်ပြီးပြေးပြီဗျ၊ ရွာမှာပြည်သူ့လုံခြုံရေးအဖွဲ့မရှိတော့ လိုက်လံဖမ်းဆီးတာတွေမရှိဘူး” ဟုလည်း ဒေသခံ၏ပြောဆိုချက်တွင် ပါရှိသည်။

အုပ်ချုပ်ရေးမှူးအား ဓားဖြင့်ဝင်ရောက်ခုတ်သတ်ခဲ့သူ ဆန်းလင်းသည် ရပ်ဝေးတွင် အလုပ်လုပ်သည်မှာကာလကြာပြီဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ ကျေးရွာကို ပြန်လည်ရောက်သူဖြစ်ကြောင်း ၎င်းအလုပ်သွားလုပ်သောဒေသကို ရပ်ကျေးအုပ်မှူးရုံးစာရင်း ၂၇မျိုးမှာ ထည့်သွင်းမှတ်တမ်းတင်မှုမရှိသဖြင့် ထိုဒေသသို့ပြေးမည်ဟု ယူဆရသော်လည်းလောလောဆယ်မသိရသေးကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

အောင်မောင်း(ရာမညမြေ)

Telegram»…
https://t.me/positiveanglenews

PAN

SZ