တရုတ်ရေတပ်တိုင်းတာရေးသင်္ဘော ဂျပန်ရေပိုင်နက်အတွင်း ခေတ္တဝင်ရောက်ခဲ့


(နိုင်ငံတကာ) စက်တင်ဘာလ ၁ ရက်

တရုတ်ရေတပ်မှ တိုင်းတာရေးရေယာဉ်တစ်စီးသည် ဂျပန်ပိုင်နက်ရေပြင်အတွင်းသို့ ခေတ္တခဏ ချိုးဖောက် ဝင်ရောက်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ တရုတ်ရေတပ်တိုင်းတာရေး သင်္ဘောသည် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စု ကမ်းလွန်ရေပြင်ရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ ခေတ္တခဏ ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တရုတ်ရေတပ်တိုင်းတာရေးသင်္ဘောသည် ဩဂုတ်လ ၃၁ ရက် နံနက် ၆ နာရီခန့်တွင် ဂျပန် ရေပြင်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ၇ နာရီ ၅၃ မိနစ်ခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုအရသိရသည်။

အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့်နှစ်မှစ၍ လက်ရှိအချိန်ထိ ဂျပန်ရေပိုင်နက်အတွင်းသို တရုတ်ရေတပ် တိုင်းတာရေးသင်္ဘောများ ၁၀ ကြိမ်မြောက် ဝင်ရောက်မှု ဖြစ်သည်။

ထိုပြင် ရေငုပ်သင်္ဘောများနှင့် ကင်းထောက် သင်္ဘောများ ဝင်ရောက်မှုကိုပါ ထည့်တွက်မည်ဆိုပါက အဆိုပါကာလအပိုင်းအခြားအတွင်း ဂျပန်ရေပြင်အတွင်းသို့ တရုတ်သင်္ဘောများ ဝင်ရောက်မှုမှာ ၁၃ ကြိမ်ထိရှိခဲ့ကြောင်း ဂျပန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း တရုတ်လေတပ် ကင်းထောက်လေယာဉ်တစ်စင်း ဂျပန် လေပိုင်နက်ကို ပထမဆုံးအကြိမ် ချိုးဖောက်ဝင်ရောက်ခဲ့ရာ ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက် ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ