“စက်တင်ဘာလအတွင်း ကုန်သေတ္တာတင်ယာဉ် ၅၅ စင်းဆိုက်ကပ်မည်”

(ပြည်တွင်း) စက်တင်ဘာ ၁

စက်တင်ဘာလအတွင်း ကုန်သေတ္တာတင်ယာဉ် ၅၅ စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ၈ လတာကာလအတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၄၀၉ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီး လအလိုက်ဆိုက်ကပ်မှုများမှာ ဇန်နဝါရီလတွင် ၄၉ စင်း၊ ဖေဖော်ဝါရီလတွင် ၅၃ စင်း၊ မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင် ၅၀ စင်း၊ မေလတွင် ၅၂ စင်း၊ ဇွန်လတွင် ၅၀ စင်း၊ ဇူလိုင်လတွင် ၅၀ စင်း၊ ဩဂုတ်လတွင် ၅၀ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာသင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၆၄၅ စင်း ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ကုန်သေတ္တာတင်သင်္ဘော ၆၄၇ စင်းဝင်ရောက်ခဲ့ပါတယ်။

ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၂၇ စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ခံတံတား ၁၉ စင်း၊ စုစုပေါင်းဆိပ်ခံတံတား ၄၆ စင်းဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဥ်ပုံမှန် ဝင်ရောက် ဆိုက်ကပ်လျက်ရှိနေပါတယ်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းနိုင်ရေးနဲ့ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန်တို့ကိုလည်း စီစဉ်ထားရှိကြောင်း သိရပါတယ်။

#PAN