(ပြည်တွင်း) ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး တံတားဦးနှင့် ပြည်ကြီးတံခွန်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ဩဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက် နှစ်ရက်အတွင်း လူငယ်နှစ်ဆယ်ဦးခန့်ကို စစ်မှုထမ်းရန်အတွက် တပ်မတော်မှ ဖမ်းဆီးထားကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မန္တလေးမြို့ပေါ်တွင် စစ်မှုထမ်းဆောင်ရန်အတွက် လူငယ်များအား ဖမ်းဆီးနေသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုမရှိစေရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းနှင့် လှည့်ကင်းပတ်ကင်းများကို မန္တလေးမြို့မှ တာဝန်သိပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းသာဖြစ်ကြောင်းနှင့် စစ်မှုထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဋ္ဌာန်းထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက မန္တလေးမြို့အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ သတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
#PAN