“စီးပွားရေးလုပ်ငန်းကြီးများ ဝင်ငွေမကောင်းတာကြောင့် တောင်ကိုရီးယား အခွန်ဝင်ငွေလျော့ကျ”

  (နိုင်ငံတကာ)သြဂုတ် ၃၁
တောင်ကိုရီးယားနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းကြီးများ၏ ဝင်ငွေမကောင်းခြင်းကြောင့် အစိုးရအတွက် အခွန်ဝင်ငွေလျော့ကျကြောင်း စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
  အစိုးရအနေဖြင့် ယခုနှစ်ဇန်နဝါရီလမှ ဇူလိုင်လအထိကာလအတွင်း အခွန်ငွေ ၂၀၈ ဒသမ ၈ ထရီလီယမ်ဝမ် ကိုသာ ကောက်ခံရရှိသည်။ ထိုပမာဏသည် ယမန်နှစ်အလားတူကာလထက် အခွန်ငွေရရှိမှု ၄ ရာခိုင်နှုန်း လျော့ကျနေပြီး ၈ ဒသမ ၈ ထရီလီယံဝမ် နည်းပါးသည်ကို တွေ့ရသည်။
  သို့သော် ဇူလိုင်လတစ်လတည်းတွင် ကောက်ခံရရှိသည့် အခွန်ငွေစုစုပေါင်းမှာ ယမန်နှစ် ဇူလိုင်လကထက် ၁ ဒသမ ၃ ထရီလီယံဝမ် တိုးမြင့်ရရှိပြီး ၄၀ ဒသမ ၃ ထရီလီယံဝမ်အထိ ရရှိထားသည်။ ထိုသို့ရရှိလာခြင်းမှာ ပြည်သူများ၏ ငွေကြေးသုံးစွဲမှုပမာဏ မြင့်တက်လာခြင်းနှင့် သွင်းကုန်တင်သွင်းမှု တိုးမြင့်လာခြင်းတို့ကြောင့် ဖြစ်သည်။
  ပထမခုနစ်လအတွင်း စီးပွားရေးလုပ်ငန်းကြီးများထံမှ အခွန်ငွေကောက်ခံရရှိမှုမှာ ယမန်နှစ်ကထက် ၃၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး ၃၃ ထရီလီယံဝမ်အထိ လျော့ကျရရှိခဲ့သည်။ အလားတူပြီးခဲ့သည့်နှစ်အတွင်း ကုမ္ပဏီကြီးများက ရရှိသော အမြတ်ငွေမှာ ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း သိရသည်။

#PAN