“ရွှေစင်၊ ရွှေတုံးများနှင့် ရွှေထည် လက်ဝတ်ရတနာများ ရောင်းချခြင်းမှရောင်းရငွေနှင့် ပြည်ပမှတင်သွင်းခြင်း တို့အတွက် ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်းကောက်ခံမည်”

(​ပြည်တွင်း) သြဂုတ် ၃၀

ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေနှင့် ပြည်ပမှတင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဩဂုတ်လ ၂၈ ရက် ရက်စွဲ့နဲ့ ပြင်ဆင်ပြဌာန်းလိုက်တဲ့ ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်ကောက်ဥပဒေအရ ကောက်ခံသွားမှာဖြစ်ပြီး ယင်းဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၁၉)အရ ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ယခုပြင်ဆင်ပြဌာန်းလိုက်တဲ့ ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်ကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရ ရွှေစင်၊ ရွှေတုံးများ(စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေ အပေါ်မှာလည်းကောင်း၊ ပြည်ပမှတင်သွင်းခြင်းအတွက် ကုန်ပေါ်ရောက် တန်ဖိုးအပေါ်တွင်လည်းကောင်း အခွန် ၃ ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်ပါတယ်။

ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ်ရတနာများကို ပြည်တွင်းမှာ ဝယ်ယူစဉ် သို့မဟုတ် ပြည်ပမှတင်သွင်းစဉ်က ပေးဆောင်ခဲ့ရတဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်တွင်း၌ ရောင်းချစဉ် သို့မဟုတ် ပြည်ပသို့တင်ပို့စဉ် ပေးဆောင်ရတဲ့ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ခုနှိမ်ခွင့်မရှိစေရဟုလည်း အစားထိုး ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်ကောက် ဥပဒေ ပုဒ်မ (၁၄) ပုဒ်မခွဲ (က)၏ ကုန်သွယ်လုပ်ငန်းခွန် ဥပ‌ဒေ နောက်ဆက်တွဲဇယားများ အမှတ်စဉ် (၃၉) တွင်ပါရှိသော “ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နှင့်” ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်ဟု ဖော်ပြထားပါတယ်။

ယခုလို ပြင်ဆင်လိုက်တဲ့ ဥပဒေဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ အကျိုးသက်ရောက် စေမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌကိုယ်တိုင် အမိန့်ထုတ်ပြင်ဆင်ပြဌာန်းလိုက်သည့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရ သိရပါတယ်။

PAN