“ပုဂံရှေးဟောင်း သုတေသနပြတိုက်အတွင်းရှိ အေဒီ ၁၂ ရာစု ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူခန်းပုံတော်ကို ဖူးမြော်လေ့လာ နိုင်”

(ပြည်တွင်း) သြဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေးဘုရားဖူး လာရောက်သူများအနေနဲ့ ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှိ အေဒီ ၁၂ ရာစု ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူခန်း သဲ ကျောက်တုံးအား ထွင်းထုကိုးကွယ်ထားသည့်ပုံတော်ကို စတင်လေ့လာနိုင်ပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရပါတယ်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင်ပြသထားသော အေဒီ ၁၂ ရာစု ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူခန်း ပုံတော်သည် အမြင့် ၉ဝ ဒသမ ၂ စင်တီမီတာ၊ ဗြက် ၁၃၀ ဒသမ ၆ စင်တီမီတာထု ၃၁ စင်တီမီတာရှိပြီး မြင်းကပါ ဂူပြောက်ငယ် ဘုရားအတွင်းမှ ရှေးဟောင်းသုတေသနပြတိုက် ပြောင်းရွှေ့ပြသအပူဇော်ခံထားရှိထားပါတယ်။

ဗုဒ္ဓပရိနိဗ္ဗာန်စံမူခန်းပုံတော်တွင် မြတ်စွာဘုရားရှင်သည် ၄၅ ဝါပတ်လုံး၊ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့ အား တရားဟောတော်မူပြီးလျှင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်အတွင်း၌ သလွန်ပေါ်တွင် လဲလျောင်းပြီး မြောက်အရပ်သို့ ခေါင်းပြုကာ ပရိနိဗ္ဗာန်စံတော်မူဟန်ကို ထုဆစ်ထားခြင်းဖြစ်ပါတယ်။

ဒေါနပုဏ္ဏားသည် မြတ်စွာ ဘုရား၏ ဓာတ်တော်၊ မွေတော်များကို ကိုးကွယ်ရန် တောင်းခံလာကြသော ခုနစ်ပြည်ထောင်မင်းတို့ကို ခွဲဝေပေးဟန် ထုဆစ်ထားသည်ကို ဖူးမြော်လေ့လာနိုင်မှာဖြစ်ပါတယ်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးထဲတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံခေတ်လက်မှု အနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ရိုးပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနု ပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေးပန်းချီ ပြခန်း စတဲ့ ပြခန်းပေါင်း ၁ဝ ခန်းကို ခင်းကျင်းပြသထားကြောင်း သိရပါတယ်။

PAN