အယ်ဒီတာ့အာဘော်

လူတိုင်း လူတိုင်းပြည်သူ့နီတိနဲ့အညီနေထိုင်ခြင်းက နိုင်ငံတစ်ခုတိုးတက်ဖို့ ဒါမှမဟုတ် ပြောင်းလဲဖို့အတွက် အထိအရောက်ဆုံးနဲ့ အမြန်ဆုံးဖြစ်လိမ့်မယ်လို့ ပြောရမှာဖြစ်ပါတယ်။

နိုင်ငံသားတစ်ယောက်ချင်းတိုင်း လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်စည်းကမ်းဝတ္တရားတွေကို ပြုကျင့်လိုက်နာ ထမ်းဆောင်ကြခြင်းဟာ ပြည်သူ့နီတိနဲ့အညီ နေထိုင်ကြခြင်းပဖြစ်ပါတယ်။

ပြည်သူ့နီတိဆိုရာမှာလည်း ပြည်သူတိုင်းလိုက်နာဆောင်ရွက်ရမယ့်အရာတွေသာဖြစ်ပြီး ဘာသာတစ်ခု လူမျိုးတစ်မျိုးတည်းအတွက်မဟုတ်ပဲ နိုင်ငံသားတိုင်းလိုက်နာ လက်ခံနိုင်တဲ့ ကျင့်ဝတ် စည်းကမ်း တာန် ဝတ္တရားတွေပဲဖြစ်ပါတယ်။

ပြည်သူ့နီတိရဲ့ သဘောသဘာဝဟာ အခြေခံလူ့ယဥ်ကျေးမှုဖြစ်တဲ့ စာရိတ္တ ဓလေ့ထုံးတမ်း ရိုးရာယဥ်ကျေးမှုတွေကို လိုက်နာဆောင်ရွက်ရပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောင့် ကြရတာဖြစ်ပါတယ်။

ကွမ်းတံတွေးထွေးရင်ညစ်ပတ်မယ်၊ စည်းကမ်းမဲ့အမှိုက်ပစ်ရင် ညစ်ပတ်မယ်ဆိုတာသိရင် ဆင်ချင်ရမယ်၊ ကိုယ့်ဖို့ ငါ့ဖို့ ဆိုတဲ့စိတ်မထားပဲ မျှတတဲ့တန်းစီစနစ်ဆိုတာမျိုး ကျင့်သုံးရမယ်၊ ကိုယ်ချင်းစာတရားထားတတ်ရမယ်၊ သူတပါးမထိခိုက်​​​အောင် နေထိုင် ပြုမူရမယ်၊ အခွန်ထမ်းဆောင်ရမယ့် နိုင်ငံသားတွေကလည်း နိုင်ငံသားတာဝန်ဝတ္တရားသိရမှာဖြစ်သလို အစိုးရကလည်း အစိုးရဝတ္တရားသိတတ်ရမယ်၊ ဒါတွေဟာ ပြည်သူ့နီတိပဲ​ဖြစ်ပါတယ်။

ပြည်သူနီတိဆိုတာ နိုင်ငံတော်တစ်ဝှမ်းလုံး စည်းကမ်း အကျင့် စာရိတ္တ အသိပညာတို့ကစပြီး နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအထိသက်ရောက်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

(၁၉၅၈) ခုနှစ်မှာ စာသင်ကျောင်းတွေမှာပြည်သူ့နီတိသင်လို့ အာရှမှာ ​မြန်မာကျားဖြစ်ခဲ့ရတယ်လို့ဆိုကြသလို ပြည်သူနီတိမသင်တော့တဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာတွေ တစ်ဦးတစ်ယောက်ချင်းရဲ့ အကျင့်စာရိတ္တတွေနိမ့်ပါးလာကြပြီး ဆင်းရဲတဲ့နိုင်ငံ စစ်မက်တွေဖြစ်ပွားတဲ့နိုင်ငံ နိုင်ငံသားအချင်းချင်း အညိုး အာဂါတတွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေအထိဖြစ်ပေါ်လာနေပြီဖြစ်ပါတယ်။

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ တစ်ဖွဲ့ တစ်ဦး တစ်ယောက်ကောင်းယုံနဲ့မဖြစ်ပါဘူး၊ All inclusive ဆိုတဲ့ အားလုံးပါဝင်ရေးက အရေးအကြီးဆုံးဖြစ်ပါတယ်။

တိုင်းပြည်တည်ဆောက်ရေးအတွက်မဟုတ်ပဲ ငါအာဏာရရေးအတွက်ဆိုတဲ့ အတ္တမာန်မာနကြောင့် ဒီကနေ့ တိုင်းပြည်ရဲ့အ​ခြေအနေဟာ မိုးထဲရေထဲကိုရောက်နေပြီလို့မပြောနိုင်ပေမယ့် ဒီအခြေအနေတွေဖြစ်လာတာဟာ ပြည်သူ့နီတိဆိုတဲ့ လိုက်နာကျင့်ကြံရမယ့် ကျင့်ဝတ်တွေပျက်ပြားခဲ့ကြလို့ပဖြး်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

ဒါကြောင့် လူသားတိုင်းဟာ ဘာသာရေးအဆုံးအမတွေနဲ့အညီ လိုက်နာ ကျင့်ကြံရမယ့် ကျင့်ဝတ်တွေကို ကျင့်ကြံပြီး ပြည်သူ့နီတိတွေနဲ့အညီနေထိုင်ကြပြီး မြန်မာ့ဘဝ မြန်မာအနာဂတ်ထွန်းလင်းအောင်ဖော်ဆောင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Positive Angle News – PAN

Telegram»…
https://t.me/positiveanglenews

PAN