အာဆီယံမူဝါဒကို လိုက်နာရန် မြန်မာအား ထိုင်းအစိုးရမှ ဖိအားပေးရန် ထိုင်းလွှတ်တော်မှ ထိုင်းအစိုးရကို ဖိအားပေး

(နိုင်ငံတကာ) သြဂုတ် ၂၅

မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် အာဆီယံမူဝါဒများအား မြန်မာအစိုးရမှလိုက်နာရန်အတွက် ထိုင်းအစိုးရမှ ဖိအားပေးရန်ဆိုသည့် အချက်အပါအဝင် အချက် ၁၀ ချက်ကို ထိုင်းလွှတ်တော်နှင့် ထိုင်းအစိုးရတို့ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၃ ရက်နေ့တွင် ထိုင်းလွှတ်တော်အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီဥက္ကဋ္ဌ နိုင်ရက်စမား ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်မာရိတို့တွေ့ဆုံကာ ယင်းကိစ္စများအားဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုတွင် လုံခြုံရေးကိစ္စ၊ အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေး တိုးမြှင့်ရန်ကိစ္စ၊ ထိုင်းနယ်စပ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုင်းလွှတ်တော်အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီဥက္ကဋ္ဌ နိုင်ရက်စမား ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်မာရိတို့တွေ့ဆုံဆွေးနွေးခဲ့သည့် အချက် ၁၀ တွင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် မူးယစ်ဆေးဝါးကုန်ကူးမှုများကို လွှတ်တော်အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ဦးစားပေးအဖြစ် ဆောင်ရွက်ရန်၊ နိုင်ငံတကာလုံခြုံရေးအေဂျင်စီများနှင့် ပူးပေါင်းလျက်မြန်မာအစိုးရကို အာဆီယံမူဝါဒအားလိုက်နာစေရေးဖိအားပေးရန်၊ ထိုင်းနိုင်ငံကို လူကုန်ကူးမှုနှင့် လိမ်လည်မှုများအတွက်ကြားခံအသုံးပြုနေမှုများကို တားဆီးရန်နှင့် လိုအပ်သည့်အစီအစဉ်များအားတိုးမြှင့်ဆောင်ရွက်ရန် စသည့်အချက်များပါဝင်ကြောင်း သိရသည်။

၎င်း အပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဆေးဝါး/ပစ္စည်းများ အားမြန်မာနယ်စပ်သို့ပေးပို့နိုင်ခြင်းမရှိစေရေးပိတ်ဆို့စစ်ဆေးရန်၊ မြန်မာနယ်စပ်ရှိCall Centreများသို့ လျှပ်စစ်မီးနှင့် အင်တာနက်တရားမဝင်ဖြန့်ဖြူးနေခြင်းအား ရပ်ဆိုင်းရန်အတွက် နည်းလမ်းရှာဖွေဆောင်ရွက်ရန်၊ တရုတ်နှင့်သံတမန်ဆက်ဆံရေးကိုတိုးမြှင့်ရန်၊ အိမ်နီးချင်းမြန်မာ၏ငြိမ်းချမ်းရေးအမြန်ဆုံးရရှိစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ကိုအတူတကွပါဝင်ဆွေးနွေး အဖြေရှာနိုင်စေရန်အတွက် ထိုင်းနိုင်ငံမှအရေးကြီးသောအခန်းကဏ္ဍမှပါဝင်ရန် လိုအပ်ကြောင်းကမ္ဘာသိအောင်ပြသရန် စသည့်အချက်များလည်းပါဝင်သည်။

မြန်မာလက်နက်မှောင်ခိုဝယ်ယူမှုတွင်ထိုင်းဘဏ်များပါဝင်နေသည့်ကိစ္စရပ်များအား တားဆီးရန်၊ လွှတ်တော်အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီသည် ထိုင်းနိုင်ငံအနေဖြင့်BRICS အဖွဲ့သို့ဝင်ရောက်ခြင်းကို စိုးရိမ်မိကြောင်းနှင့်BRICS အဖွဲ့ထံမှ စီးပွါးရေးဆိုင်ရာအကျိုးအမြတ်များရနိုင်ခြေမရှိကြောင်းဆွေးနွေးခဲ့၊ မြန်မာအပါအဝင် ထိုင်း၏အိမ်နီးချင်းနိုင်ငံများတွင် အခြေစိုက်လှုပ်ရှားနေကြသောကောလ်စင်တာနှင့် မူးယစ်ဆေးဝါးပြဿနာများကို ဖြေရှင်းရန် အတွက် BRICS အဖွဲ့ကိုအသုံးချသင့်ကြောင်းလည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရသည်။

#PAN