ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး)တို့တွင် Mpox (မျောက်ကျောက်)ရောဂါကာကွယ်ရေး ရောဂါစောင့် ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

(ပြည်တွင်း)ဩဂုတ်  ၂၅

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox (မျောက်ကျောက်)ရောဂါအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (PHEIC)အဖြစ် ဩဂုတ်လ ၁၄ ရက်တွင် သတ်မှတ်ကြေညာခဲ့သည့်အတွက်    ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် နှီးနွှယ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ပြည်ပနိုင်ငံများမှ ဝင်ရောက် လာသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး)နှင့် ကရင်ပြည်နယ် မြဝတီမြို့ နယ်စပ်ဝင်ထွက်ဂိတ်တွင်လည်းကောင်း၊     တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ မွေတော်ကျွန်း လူဝင်/လူထွက်     စစ်ဆေးရေးကင်းစခန်းတွင် လည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ တံတားအမှတ်(၁) နယ်စပ်ဝင်ထွက်ဂိတ်တွင်လည်းကောင်း   Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာခြင်း (Mass Thermal Screening)၊ ပြည်ပဆိုက်ရောက်ခရီးသည် များ၏ ကျန်းမာရေးကြေညာချက် (Health Declaration Form) အား ကျန်းမာရေးတာဝန်ရှိသူများမှ စစ်ဆေးခြင်း၊ ခရီးသည်များအား Mpox (မျောက်ကျောက်)ရောဂါနှင့် ပတ်သက်၍    နှိုးဆော်ထားရှိခြင်း အစရှိသော     ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါဖြစ်ပွားနိုင်ခြေ   သတ်မှတ်ချက်အရ Mpox (မျောက်ကျောက်) ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူလူထုအနေဖြင့်     ရောဂါကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးအသိပညာပေးခြင်း၊   နိုင်ငံအတွင်းသို့ ရောဂါကူးစက်ဝင်ရောက်မှု    မရှိစေရေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း၊ ထိန်းချုပ်တုံ့ပြန် ဆောင်ရွက်ခြင်းလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

#PAN