“တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို စက်တင်ဘာလ ၁ ရက်တွင် စတင်ရောင်းချမည်”


(ပြည်တွင်း)သြဂုတ် ၂၅
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူတွေအတွက် ဖြေဆိုခွင့် လျှောက်လွှာတွေကို စက်တင်ဘာလ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဩဂုတ်လ ၂၃ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။
ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်ကို ၂၀၀ ကျပ်၊ စာမေးပွဲဝင်ကြေးအတွက် ၇၀၀ ကျပ် တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းတွေကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာ စက်တင်ဘာလ ၁ ရက် ကစပြီး ရောင်းချပေးမှာ ဖြစ်ပါတယ်။ ပြင်ပဖြေဆိုခွင့် လျှောက်လွှာတင်သွင်းသူတွေအနေနဲ့ စာမေးပွဲဝင်ကြေးငွေကို သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးတွေမှာ စာမေးပွဲဝင်ကြေးအတွက် ၇၀၀ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းတွေ ဝယ် ယူပြီး စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အတွင်း ပြန်လည်တင်သွင်းရမှာ ဖြစ်ပါတယ်။
အခြေခံပညာ အထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲ၊ တွဲဖက်ကျောင်းနဲ့ ကိုယ်ပိုင်အထက်တန်း ကျောင်းတွေက ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသား/ကျောင်းသူတွေများအနေနဲ့ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက စာမေးပွဲဝင်ကြေး ၇၀၀ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းတွေ ဝယ်ယူပြီး စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက် အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမှာဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့ခြင်းမရှိခဲ့ရင် စာမေးပွဲဖြေဆိုခွင့်ရရှိမှာမဟုတ်ဘဲ စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာနဲ့ ကတ်ပြားမှာ ဖော်ပြပါရှိတဲ့ ဘာသာတွဲမှအပ အခြားဘာသာတွဲကို ပြောင်းလဲဖြေဆိုခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ မိမိဖြေဆိုမယ့် ဘာသာတွဲအလိုက်ပုံစံများ မှန်ကန်မှုရှိ/မရှိ သေချာစစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက် ပေးပို့ဖို့ကိုလည်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
#PAN