စက်သုံးဆီသင်္ဘောများ ဆက်လက်ရောက်ရှိပြီး စက်သုံးဆီများ တိုးမြှင့်ဖြန့်ဖြူးလျက်ရှိ

(ပြည်တွင်း)ဩဂုတ် ၂၅

ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အစီအစဉ်အတိုင်း အဆက်မပြတ်ဝင်ရောက်နိုင်ရန် စီမံဆောင်ရွက် လျက်ရှိပြီး ဩဂုတ်လ ၂၂ ရက်တွင် ရန်ကုန်မြစ်ဝ၌ ဆီတင်သင်္ဘော ၆ စင်း အသင့်ရောက်ရှိစောင့်ဆိုင်းလျက်ရှိပါတယ်။ လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ သင်္ဘော ၄ စင်း ဆိုက်ကပ်ကာ စက်သုံးဆီများချယူမှုများ ဆောင်ရွက်နေကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပို့ဆောင်ရန် ဆီတင်ယာဉ်များ အချိန်မီထွက်ခွာနိုင်ရေးတို့ကို စက်သုံးဆီများ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန် ထားချက်များအရ သိရပါတယ်။
နိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းခရီးအခြေအနေအရ စက်သုံးဆီများ သယ်ယူ ပို့ဆောင်မှု ပုံမှန်ထက်အနည်းငယ် နှောင့်နှေးကြန့်ကြာမှုကြောင့် အဓိကအားဖြင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်တချို့တွင် ယာဉ်များတန်းစီဝယ်ယူမှုများ ဖြစ်ပေါ်ခြင်းအား လျော့နည်း သွားစေရန်နှင့် အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမှု မရှိစေရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဆိုင် ၁၀၀ ခန့်၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဆိုင် ၂၀၀ ခန့်၊ မန္တလေးတိုင်းဒေသကြီးရှိ ဆိုင် ၇၀၀ ခန့်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ဆိုင် ၂၅၀ ခန့်တို့အပါအဝင် နိုင်ငံတစ်ဝန်းအရောင်းဆိုင် ၃,၀၀၀ ကျော်တို့ကို ဆီတင်ယာဉ် ၁,၀၀၀ ကျော်အထိ တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရပါတယ်။

#PAN