ထိုင်းနိုင်ငံ၌ တွေ့ရှိသော မျောက်ကျောက်ရောဂါပိုးမျိုးကွဲက ပိုမိုကူးစက်ပျံ့နှံလွယ်နိုင်ကြောင်းဆို


(နိုင်ငံတကာ) သြဂုတ် ၂၂

ထိုင်းနိုင်ငံ၌ ပထမဆုံးမျောက်ကျောက်ရောဂါပိုး ကူးစက်ခံသူကို တွေ့ရှိကြောင်းနှင့် ထိုရောဂါပိုး၏ မျိုးကွဲသည် ပိုမိုကူးစက်ပျံ့နှံလွယ်နိုင်ကြောင်း ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ မျောက်ကျောက်ရောဂါပိုး ကူးစက်ခံရသူသည် အာဖရိကမှ လေယာဉ်ဖြင့် ရောက်လာခြင်းဖြစ်ကြောင်း၊ လေယာဉ်ပေါ်တွင် ၎င်း၏အနီး၌ရှိနေသော ခရီးသည် ၄၃ ဦး၏ ကျန်းမာရေးအခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လူနာသည် အသက် ၆၆ နှစ်ရှိ ဥရောပနိုင်ငံသားတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ၌နေထိုင်ကာ အာဖရိကနိုင်ငံ၌ အလုပ်လုပ်သူဖြစ်သည်။ ၎င်းသည် ဩဂုတ်လ ၁၄ ရက်တွင် အာဖရိကမှ ထိုင်းနိုင်ငံသို့ ပြန်ရောက်လာခြင်း ဖြစ်သည်။

ဩဂုတ်လ ၁၅ ရက်နံနက်ပိုင်းတွင် ထိုအမျိုးသားအနေဖြင့် ဖျားခြင်း၊ အနီဖုများပေါက်ခြင်းတို့ကို ခံစားရသောကြောင့် ဆေးရုံသို့သွားရောက်စစ်ဆေးရာ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသည်ကို တွေ့ရသည်။

လက်ရှိဓာတ်ခွဲစမ်းသပ်မှုများအရ ထိုအမျိုးသားကူးစက်ခံရသော ရောဂါပိုးက အလွယ်တကူကူးစက်ပျံ့နှံမှု မရှိနိုင်သော Clade 2 အမျိုးအစားမဟုတ်သည်ကို တွေ့ရသည်။

ထို့ကြောင့် မျိုးရိုးဗီဇအသေးစိတ်စစ်ဆေးမှုများကို လုပ်ဆောင်လျက်ရှိရာ ထိုရောဂါပိုးမျိုးကွဲသည် ကူးစက်ပျံ့နှံရန် ပိုမိုလွယ်ကူသော Clade 1b အမျိုးအစားဖြစ်နေနိုင်သည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

အတည်ပြုထုတ်ပြန်ချက်ကိုမူ ဩဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါလောက် စိုးရိမ်ရန်မလိုကြောင်း တာဝန်ရှိသူများက ပြောထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ