ဆန်၊ စပါးဖူလုံမှု အပြည့်အဝရှိ၍ စိုးရိမ်ရန်မလိုကြောင်း MRF ဥက္ကဋ္ဌပြော

(ပြည်တွင်း) ဩဂုတ် ၁၉

စျေးနှုန်းတည်ငြိမ်ရန် ဆောင်ရွက်နေသည့်အပြင် ပြီးခဲ့သည့်နှစ်က ဆန်အဟောင်း၊ စပါးအဟောင်းနှင့် နွေစပါးဆန်အသစ်များလည်းရှိသည့်အတွက် ပြည်တွင်းဆန်ဖူလုံမှု အပြည့်အဝရှိ၍ စိုးရိမ်စရာမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။    

‘‘ဆန်လည်း လုံလုံလောက်လောက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မနှစ်က ဆန်အဟောင်းလည်းရှိတယ်။ နွေစပါးပေါ်တဲ့ ဆန်အသစ်လည်းရှိတယ်။ နေပြည်တော်ကောင်စီအလယ်ပိုင်းဒေသဆိုရင် နွေစပါး အခုပေါ်နေတဲ့အချိန်။ ပြီးခဲ့တဲ့နှစ်က ဆန်အဟောင်း၊ စပါးအဟောင်းလည်းရှိတာဖြစ်တဲ့အတွက် ပြည်တွင်းဖူလုံမှုက အပြည့်အဝရှိပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်စရာတော့မရှိဘူးပေါ့။ ဈေးနှုန်းတည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်နေတဲ့အနေအထားလည်းရှိပါတယ်။ ဒါကြောင့်မို့ ဆန်ဖူလုံမှု အပြည့်အဝရှိတယ်။ ပြည်တွင်းဆန်ဖူလုံမှုက လက်ရှိဆန်အဟောင်း၊ စပါးဟောင်းတွေလည်းရှိတဲ့ အတွက် စိုးရိမ်စရာမရှိပါဘူး’’ ဟု ဦးရဲမင်းအောင်က ဆိုသည်။

အဓိကကျသည့် ဈေးကွက်ကြီး သုံးခုဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးသို့ ဆန် အဝင်၊ အထွက်မှန်ကန်ရန်နှင့် ဆန်ဈေးနှုန်းတည်ငြိမ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လစဉ်ထုတ်သည့်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်လည်းတစ်ဖက်မှ ဖော်ဆောင်နေသည့်အနေအထားဖြစ်ပြီး တစ်ဖက်တွင်လည်း ပြည်သူလူထုအတွက် သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးသည့် အစီအစဉ်များ လုပ်ဆောင်နေကြောင်း သိရသည်။

“ကျွန်တော်တို့လည်း တတ်နိုင်သလောက်လုပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဆန်စပါးဈေးကွက်ကို ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်တာမဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံက ပုဂ္ဂလိကဈေးကွက်စီးပွားရေးစနစ်နဲ့ သွားတာဖြစ်တဲ့အတွက် ဝယ်တာ၊ ရောင်းတာလည်း တောင်သူတွေကလည်း လွတ်လွတ်လပ်လပ်ရောင်းနိုင်တယ်၊ ဆန်စက်ပိုင်ရှင်တွေကလည်း လွတ်လွတ်လပ်လပ်ရောင်းနိုင်တယ်။ ဒါပေမယ့် အခုတော့ ရည်ညွှန်းဈေးရှိတာဖြစ်တဲ့အတွက် ရည်ညွှန်းဈေးနဲ့အားလုံးရောင်းရတဲ့အနေအထားရှိတယ်။ ရည်ညွှန်းဈေးကို ကျော်လွန်ပြီးတော့ ဆောင်ရွက်လို့မရတဲ့အနေအထားရှိပါတယ်။ ဒီအပေါ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်အောင်လည်း တိုက်တွန်းပြီးစီစဉ်နေပါတယ်။ လတ်တလောမှာကတော့ ဆန်ဈေးအနေနဲ့ပြောမယ်ဆိုရင် တည်ငြိမ်တဲ့အနေအထားတစ်ခုကို ရှိတယ်လို့တော့ အကြမ်းဖျင်းပြောလို့ရတယ်’’ ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

#PAN